တအာင်းလက်နက်ကိုင်အဖွဲ့(TNLA )က လားရှိုးမြို့လေယာဉ်ကွင်းနှင့် ပတ်ဝန်းကျင်နေရာအား ယနေ့နံနက်တွင် စိန်ပြောင်းဖြင့် သုံးချက် ပစ်ခတ်ခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်ကပြောသည်။

” ရော့ကတ်နဲ့ သုံးချက်ပစ်တယ်။ တစ်လုံးက လေးယာဉ်ကွင်း ပြေးလမ်းပေါ်ပြုတ်ကျတယ်။ နောက်တစ်လုံးက ရွာထဲကိုကျတယ်။ နောက်တစ်လုံးကတော့ ဘယ်နားကျတယ် မသိဘူး” ဟု ယနေ့ နံနက် ၁၀နာရီပတ်ဝန်းကျင်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်ကို ရဲမှူးချုပ်ဇော်ခင်အောင်ကပြောသည်။

ပစ်ခတ်မှုကို TNLA က ပြုလုပ်ခြင်းဖြစ်ပြီးရော့ကတ်သုံးလုံးမှာ ပြီးခဲ့သည့် ဩဂုတ်လတိုက်ခိုက်မှုအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြင်ဦးလွင်မြို့ကို ချိန်ရွယ်ထားသည့် ရော့ကတ်အမျိုးအစားဖြစ်သည်ဟု ၎င်းကပြောသည်။

” ပလောင်အဖွဲ့က ပစ်တာ။ လူထိခိုက်တာတော့ မကြားသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။ ဒေသခံများကမူ အရပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ပြောသည်။

လက်ရှိတွင် မြို့တွင်းလုံခြုံရေးကို ရဲတပ်ဖွဲ့က တိုးမြှင့်ထားပြီး နေရာအချို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်ဟု လားရှိုးမြို့ဒေသခံများကပြောသည်။ အရပ်သားမျာ‌း‌နေထိုင်ရာ လူနေရပ်ကွက်များတွင် တိုက်ပွဲမဖြစ်ရေး ထိန်းသိမ်းပေးကြရန် ဒေသခံများက မေတ္တာရပ်ခံသည်။

တပ်မတော်နှင့် TNLAသည် ယနေ့နံနက်က ရှမ်းပြည်နယ်‌‌မြောက်ပိုင်း‌‌ကျောက်မဲမြိ့နယ်တွင် တိုက်ပွဲဖြစ်နေပြီးလားရှိုးမြို့လေယာဉ်ကွင်းအား ရောကတ်ဖြင့်ပစ်ခတ်မှုကို မသိရှိသေးကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးအဆင့်ရှိ တာအိုက်ကျော်က ပြောသည်။

တပ်မတော်နှင့်တ‌အာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLAသည် ရှမ်းပြည်နယ်‌‌မြောက်ပိုင်း‌‌ ဒေသကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား‌နေသည်မှာ ငါးရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အခြေအနေဆက်လက်တင်းမာ‌‌ နေသည်။

သတင်း −အောင်သစ်လွင် ၊ ဓာတ်ပုံ − ရွှေဖီမြေ

Ref:7days