Su-30SM ဟာ ဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး JSC Sukhoi Design Bureau က ရုရှားတပ်မတော်လေတပ်အတွက် ထုတ်လုပ်ခဲ့ပါတယ်။ Su-30MK တိုက်ပွဲဝင်လေယာဉ်အုပ်စုဝင် ခေတ်မီမျိုးကွဲလေယာဉ်တစ်စီးဖြစ်ပါတယ်။

Su-30MK စီးရီးတိုက်လေယာဉ်တွေကို အယ်လ်ဂျီးရီးယားလေတပ်၊ အိန္ဒိယလေတပ်၊ အင်ဒိုနီးရှားလေတပ်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်၊ မလေးရှားတော်ဝင် လေတပ်၊ ယူဂန်ဒါလေတပ်၊ ဗင်နီဇွဲလားလေတပ်နဲ့ ဗီယက်နမ်ပြည်သူ့လေတပ်တို့မှာ အသုံးပြုလျက်ရှိ ပါတယ်။

Su-30SM တိုက်လေယာဉ်ကိုတော့ ရုရှားလေတပ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ရုရှားနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ IRKUT က ထုတ်လုပ်ခဲ့ ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန(MoD)အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ပထမဆုံး Su-30SM တိုက်လေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ပွဲဦးထွက်စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ပါတယ်။

ဘက်စုံသုံး Su-30SM တိုက်လေယာဉ်ကို တန်ပြန်လေကြောင်းတိုက်ခိုက်မှုများ၊ တန်ပြန် မြေပြင်နဲ့ရေပြင် စစ်ဆင်ရေးရည်မှန်းချက်များမှာ အသုံးပြုနိုင်ပါတယ်။ အီလက်ထရောနစ်တန်ပြန် တန်ပြန်တိုက်ခိုက်မှုများနဲ့ ကြိုတင်သတိပေးမှုလုပ်ငန်းတာဝန်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ကွပ်ကဲကြီးကြပ်မှုလေယာဉ်တစ်စီးအဖြစ် အုပ်ဖွဲ့ပျံသန်းနေတဲ့ တိုက်လေယာဉ်အုပ်နဲ့အတူ ပူးပေါင်းရည်မှန်းချက်တာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်။

မှာယူမှုနှင့်တင်ပို့မှုများ

IRKUT နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ Su-30SM ဘက်စုံသုံးတိုက်လေယာဉ်များနဲ့ ပတ်သက်ပြီး စာချုပ်တစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားကာကွယ် ရေးဝန်ကြီးဌာနအနေနဲ့ Su-24 တိုက်လေယာဉ်တွေကို Su-30SM တိုက်လေယာဉ်တွေနဲ့အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ Su-30SM တိုက်လေယာဉ် ဒုတိယအသုတ်ကို ၂၀၁၂ ခုနှစ် မှာ မှာယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ IRKUT ကုမ္ပဏီဟာ ရုရှားလေတပ်ကို ပထမအသုတ် Su-30SM တိုက်လေယာဉ်(၂)စီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရုရှားလေတပ်ဟာ Su-30SM တိုက်လေယာဉ်(၄)စီးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ လက်ခံရရှိခဲ့ပြီး ရုရှားလေတပ်က ရုရှားသူရဲကောင်းများ (Russian Knights) လို့ခေါ်တဲ့ လေယာဉ် ကျွမ်းထိုးပျံသန်းရေးသရုပ်ပြအဖွဲ့ကတော့ တိုက်လေယာဉ်(၈)စီး လက်ခံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ IRKUT ကုမ္ပဏီဟာ အနောက်ပိုင်းတိုင်းစစ်ခရိုင်မှာရှိတဲ့ Kursk လေကြောင်းတပ်ရင်းကြီး (ZVO)ကို Su-30SM (၄)စီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကုမ္ပဏီအနေနဲ့ ရုရှားလေတပ်အတွက် Su-30SM (၁၂)စီးနဲ့ ရုရှားရေတပ်အတွက် (၂)စီး ထုတ်လုပ်လျက်ရှိပါတယ်။

၂၀၁၅ ခုနှစ် ဧပြီလမှာ IRKUT ကုမ္ပဏီဟာ ကာဇက်စတန်လေတပ်ကို ပထမအသုတ် Su-30SM ဘက်စုံသုံးတိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မေလမှာ ဒုတိယအသုတ် Su-30SM တိုက်လေယာဉ်တွေ လွှဲပြောင်းပေးအပ်ဖို့ အတွက် ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာနဟာ IRKUT ကုမ္ပဏီနဲ့ စာချုပ်တစ်ခု လက်မှတ် ရေးထိုးခဲ့ပါတယ်။

လေယာဉ်ဒီဇိုင်း

Su-30SM တိုက်လေယာဉ်ရဲ့ လေယာဉ်ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ တောင့်တင်းခိုင်မာ တဲ့ အလူမီနီယမ်သတ္တုစပ်ပစ္စည်းများနဲ့ တည်ဆောက်ထားပါတယ်။ အိန္ဒိယလေတပ် (IAF) အတွက် IRKUT နဲ့ JSC Sukhoi Design Bureau ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Su-30MKI တိုက်လေယာဉ်ကို အခြေခံတည်ဆောက်ထားပါတယ်။

တိုက်လေယာဉ်ကိုယ်ထည်ဦးပိုင်းမှာ လေယာဉ်မှူးအခန်း (Cockpit)၊ ရေဒါစနစ်များနဲ့ လေကြောင်းအီလက်ထရောနစ်စနစ်အကန့် (Avionics Bay)တို့ ပါဝင်ပါတယ်။ Thrust Vectoring နည်းပညာပါရှိပြီး ပြီးပြည့်စုံတဲ့ အေရိုဒိုင်းနမစ်တည်ဆောက်မှုပုံစံကြောင့် လှုပ်ရှားစစ်ကစားနိုင်စွမ်း မြင့်မားလှပါတယ်။

လေယာဉ်မှူးအခန်းနှင့်လေကြောင်းအီလက်ထရောနစ်စနစ်များ

လေယာဉ်မှူးအခန်းက Glass Cockpit ဖြစ်ပြီး လေယာဉ်မှူး(၂)ဦးရှေ့နောက်ထိုင်နိုင်ပါတယ်။ လေယာဉ်မှူး(၂)ဦးစလုံးအတွက် အရေးပေါ်ခုန်ထွက်နိုင်တဲ့ Ejection Seat တွေ ပါပါတယ်။ Cockpit အခန်းမှာ ရှေ့ကြည့်ပြခွက် (Head-up Display) နဲ့ ဘက်စုံသုံး Liquid Crystal Multifunction Display များကို ပေါင်းစပ်တပ်ဆင်ထားတဲ့ ခေတ်မီလေကြောင်းအီလက်ထရောနစ်စနစ်ပါရှိပါတယ်။

Su-30SM တိုက်လေယာဉ်မှာ အဓိကသွင်ပြင်လက္ခဏာရပ်တွေအနေနဲ့ ရန်သူမိတ်ဆွေ ခွဲခြား ရေးစနစ်၊ ကမ႓ာလုံးဆိုင်ရာတည်နေရာပြစနစ်နဲ့ အင်နားရှားလမ်းကြောင်းပြစနစ်တွေ ပါဝင်ပါတယ်။ ကန့်သတ်မထားတဲ့ Open Architecture Design ကြောင့် ရေဒါစနစ်သစ်၊ ရေဒီယိုနဲ့ မှတ်သားရေး စနစ်နဲ့ တခြားထောက်ပံ့မှုစနစ်တွေအပါအဝင် ခေတ်မီလေကြောင်းအီလက်ထရောနစ်စနစ်တွေကို အလျဉ်းသင့်သလို ထပ်မံပေါင်းစပ်တပ်ဆင်နိုင်မှာဖြစ်ပါတယ်။

တပ်ဆင်နိုင်သည့်လက်နက်စနစ်များ

Su-30SM တိုက်လေယာဉ်ဟာ ခေတ်မီလက်နက်စနစ်တွေကို အလေးချိန်ပမာဏ (၈)တန် အထိ တပ်ဆင်သယ်ဆောင်နိုင်ပါတယ်။ တိုက်လေယာဉ်မှာ စက်သေနတ်ကြီးတစ်လက်၊ ဗုံးများ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များ၊ Oniks (Yakhont) အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးနဲ့ မြေပြင် တိုက်ခိုက်ရေးဒုံးကျည်များ တပ်ဆင်နိုင်ပါတယ်။ BrahMos အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်ဟာ NPO Mashinostroyeniya က ထုတ်လုပ်တဲ့ Oniks ကို အခြေခံထားတာဖြစ်ပါတယ်။ ပစ်မှတ်ရဲ့ အမြင့်ပေ အပေါ်မူတည်ပြီး Oniks ဒုံးကျည်ဟာ ၁၂၀ ကီလိုမီတာကနေ ၃၀၀ ကီလိုမီတာအထိ ပစ်ခတ်တိုက်ခိုက် နိုင်ပါတယ်။

Su-30SM တိုက်လေယာဉ်ဟာ ဝေဟင်ခြိမ်းခြောက်မှုများ၊ မြေပြင်နဲ့ရေပြင်ကနေ ခြိမ်းခြောက် လာတဲ့ပစ်မှတ်များကို ဝေဟင်မှဝေဟင်ပစ်၊ ဝေဟင်မှမြေပြင်ပစ်၊ ဝေဟင်မှရေပြင်ပစ် ပဲ့ထိန်းလက်နက် သို့မဟုတ် ပဲ့ထိန်းစနစ်မပါသောလက်နက်များအသုံးပြုပြီး တိုက်ခိုက်နိုင်ပါတယ်။ Land Attack Operation များအတွက် ဒုံးကျည်နဲ့ rocket pod တွေ တပ်ဆင်ပြီး တိုက်ခိုက်နိုင်ပါတယ်။

အင်ဂျင်

Su-30SM တိုက်လေယာဉ်မှာ AL-31FP by-pass turbojet reheated အင်ဂျင်(၂)လုံးကို အသုံးပြုထားပါတယ်။ အင်ဂျင်(၂)လုံးကနေ ထုတ်ပေးနိုင်တဲ့ စုစုပေါင်းတွန်းအား after-burning thrust ကတော့ 25,000kgf ရှိပြီး တိုက်လေယာဉ်ကို ရေပြင်ညီပုံသေအလျင်နှုန်း Mach 2 နဲ့ ပျံသန်းနိုင်အောင် ထောက်ပံ့ပေးပါတယ်။

Su-30SM တိုက်လေယာဉ်ရဲ့ ဆီမဖြည့်ပဲ ဆက်တိုက်ပျံသန်းနိုင်တဲ့အကွာအဝေးကတော့ ၃၀၀၀ ကီလိုမီတာဖြစ်ပါတယ်။ ဆီဖြည့်တဲ့အခါမှာအသုံးပြုတဲ့ Refuelling Probe နဲ့ ဝေဟင် ဆီဖြည့် စနစ်လည်း ပါရှိပါတယ်။

အဆင်းဂီယာ

Su-30SM တိုက်လေယာဉ်မှာ ဟိုက်ဒရောလစ်နည်းနဲ့ အသွင်းအထုတ်ပြုလုပ်တဲ့ Tricycle-type Landing Gear စနစ်ပါရှိပြီး ပင်မအဆင်းဂီယာယူနစ်မှာ ဘီးတစ်ဘီးစီတပ်ဆင်အသုံးပြု ထားပါတယ်။

ပင်မအဆင်းဂီယာမှာ ဟိုက်ဒရောလစ်နည်းနဲ့လုပ်ဆောင်တဲ့ Carbon Disc ဘရိတ်တွေပါရှိပြီး အီလက်ထရောနစ်ဘရိတ်အအေးခံစနစ်နဲ့ ဘီးမချော်အောင်လုပ်ဆောင်ပေးတဲ့ anti-skid စနစ်တွေကို အသုံးပြုထားပါတယ်။ ရှေ့ကိုဆန့်ထုတ်ရတဲ့ nose-wheel ကိုတော့ ဟိုက်ဒရောလစ်နည်းနဲ့ပဲ ပဲ့ထိန်း ပေးရပါတယ်။ လေယာဉ်ကိုယ်ထည်ရဲ့ နောက်မြီးပဲ့ပိုင်းမှာရှိတဲ့ tail-cone မှာ လေယာဉ်အရှိန် နှေးကွေးအောင်လုပ်ဆောင်ပေးတဲ့ လေထီးဘရိတ်စနစ်ပါရှိပါတယ်။

Source; Su-30SM Multirole Fighter Aircraft by airforce-technology.com ကို ပြန်ဆိုပါသည်။

မှတ်ချက်။ အချက်အလက်တွေနဲ့ ဘာသာပြန်ထားတဲ့အထဲမှာ လွဲနေတာတွေတွေ့ရင် ပြင်ဆင်ဖြည့်စွက်ပေးပါ။

Credit : Aung Htet Htet