မြန်မာနိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း မှာယူခဲ့တဲ့ တစ်စင်း ဒေါ်လာ ၃၄ သန်းတန် ရုရှားလုပ် Su 30 SME တိုက်လေယာဉ် ၆ စီးကို ဒီနှစ်ထဲ လွှဲပြောင်းရရှိလိမ့်မယ်လို့ globaldefensecorp.com က ယနေ့ ဖော်ပြလိုက်ပါတယ်။

မြန်မာဟာ ဒီတိုက်လေယာဉ်မျိုး နောက်ထပ်မှာယူလိုသေးတယ်လို့လည်း တစ်ချို့ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ လက်ရှိမှာ ဒီတိုက်လေယာဉ်တွေ မြန်မာကို လွှဲပြောင်းခြင်းမပြုမီ စက်ရုံက စမ်းသပ်မှုတွေလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံ့ပိုင်နက်တည်တံ့ခိုင်မြဲမှု ကာကွယ်ဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ မြန်မာ့လေတပ်အတွက် Su 30 တွေဟာ အဓိက ဂျက်တိုက်လေယာဉ်တွေဖြစ်လာမယ်လို့ ရုရှားရဲ့ယုံကြည်မှုကို သတင်းတွေက ဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။

Su 30 SME တွေဟာ ရုရှားရဲ့ ဆူခွိုင်းကုမ္ပဏီလုပ် Su 30 SM တိုက်လေယာဉ်တွေကို ပြည်ပတင်ပို့ဖို့ မွမ်းမံထားတာပါ။ တိကျစွာ လမ်းညွန်ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်နိုင်ပြီး ဝေဟင်တွင်း တိုက်ခိုက်ရေးနဲ့ ဝေဟင်မှ မြေပြင်စစ်ဆင်ရေးတွေ စွမ်းဆောင်နိုင်တဲ့ တိုက်လေယာဉ်တွေဖြစ်တယ်လို့ သိရကြောင်းပါ။