အခုတီထွင်ထုတ်လုပ်လိုက်တဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်အသစ်ဟာ အရွယ်အစားအနေနဲ့ လက်ရှိအသုံးပြုနေတဲ့လက်နက်တွေရဲ့ ထက်ဝက်လောက်သာရှိပေမယ့် အလျင်နှုန်းနဲ့လှုပ်ရှား စစ်ကစားနိုင်မှုမှာတော့ ပိုမိုကောင်းမွန်လာတယ်လို့ Raytheon ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

Peregrine လို့ခေါ်တဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်အသစ်ဟာ မောင်းသူမဲ့ဒရုန်းများ၊ လေယာဉ်များနဲ့ ခရုဇ်ဒုံးကျည်များကို ကာကွယ်ချေမှုန်းနိုင်မှာဖြစ်တယ်လို့ အမေရိကန်လေတပ်က နှစ်စဉ်ကျင်းပပြုလုပ်တဲ့ညီလာခံမှာ Raytheon ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဒုံးကျည်အမျိုးအစားသစ်ဟာ အပိုပစ္စည်းများနဲ့ အသင့်တပ်ဆင်နိုင်တဲ့ ပစ္စည်းအစိတ်အပိုင်း တွေကို အသုံးပြုထားတဲ့အတွက် လက်ရှိတိုက်လေယာဉ်တွေအနေနဲ့ ဒုံးကျည်အရေအတွက် (၂) ဆ ပိုမိုသယ်ဆောင်နိုင်စေမှာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ လက်ရှိအသုံးပြုနေတဲ့လက်နက်တွေထက် သိသိသာသာ လျော့နည်းသွားမှာဖြစ်တယ် လို့ ကြေညာချက်မှာပါရှိပါတယ်။ Peregrine ဒုံးကျည်ဟာ အလေးချိန် (၅၀) ပေါင်ခန့်ရှိပြီး အရှည် (၆) ပေရှိပါတယ်။

“Peregrine ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြုတဲ့အတွက် အမေရိကန်နဲ့မဟာမိတ် တိုက်လေယာဉ်မှူးတွေအနေနဲ့ သူတို့ရဲ့တိုက်လေယာဉ်တွေမှာ ဒုံးကျည်အရေအတွက် ပိုမိုသယ်ဆောင်နိုင်စေမှာဖြစ်ပြီး လေကြောင်း စိုးမိုးမှုကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်” လို့ Raytheon ကုမ္ပဏီ၊ ခေတ်မီဒုံးလက်နက်စနစ်များ ဌာနမှ ဒုဥက္ကဌဖြစ်သူ Thomas Bussing က ပြောပါတယ်။ “ခေတ်မီအာရုံခံကိရိယာ၊ လမ်းညွှန်စနစ်နဲ့ တွန်းကန်အားစနစ်တွေကို အရွယ်အစားပိုပြီးသေးငယ်တဲ့ ဒုံးကိုယ်ထည်အတွင်းမှာ ထည့်သွင်း တပ်ဆင်ထားတာဖြစ်တဲ့အတွက် ဒီလက်နက်စနစ်သစ်ဟာ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်ကဏ္ဍမှာတော့ ခုန်ပျံကျော်လွှားတိုးတက်မှုတစ်ခုပါပဲ” လို့ သူကပြောပါတယ်။

ဒုံးကျည်စနစ်သစ်တွေကို ဘယ်တော့စမ်းသပ်မှုပြုလုပ်မလဲဆိုတာနဲ့ ရောင်းချရေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကုမ္ပဏီက ထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး။

အမေရိကန်လေတပ်အနေနဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များအဖြစ် AIM-9 Sidewinder နဲ့ AIM-120 AMRAAM တို့ကို အဓိကအသုံးပြုနေတာဖြစ်ပြီး ဒုံးကျည်နှစ်မျိုးစလုံးကို Raytheon ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်။ ၂၀၁၈ ခုနှစ် ပင်တဂွန်ဌာနချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ Raytheon နဲ့ Lockheed Martin ကုမ္ပဏီတို့ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်ခဲယမ်း များနဲ့ ဒုံးကျည်ဝယ်ယူရေးဒေါ်လာတန်ဖိုးပမာဏစုစုပေါင်းရဲ့ (၉၇) ရာခိုင်နှုန်းကို ရရှိထားတယ်လို့ သိရ ပါတယ်။

Peregrine လို ဆန်းသစ်ပြီးပေ့ါပါးတဲ့ ဒုံးကျည်အမျိုးအစားသစ်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အပြောင်းအလဲတစ်ရပ်အနေနဲ့ ကြိုဆိုမယ့်အနေအထားမှာရှိပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိလေယာဉ်အုပ်တွေရဲ့စွမ်းဆောင်ရည် တိုးတက်စေမယ့် နည်းလမ်းများနဲ့ ယုံကြည်စိတ်ချရတဲ့ ဝေဟင်မှဝေဟင်ပစ်လက်နက်များဝယ်ယူမယ့် နိုင်ငံတကာ မိတ်ဖက်များကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်စနစ်သစ်ရဲ့အရွယ်အစား၊ အလျင်နှုန်းနဲ့ လှုပ်ရှားစစ်ကစားနိုင်မှု အပြင် မောင်းသူမဲ့လေယာဉ်တွေကို ပစ်ခတ်ဖျက်ဆီးနိုင်မှုစွမ်းရည်ကိုပါ အလေးအနက်ထား သတိပြုမိ လာကြမှာဖြစ်တဲ့အတွက် လာမယ့်နှစ်တွေထဲမှာ တန်ပြန်မောင်းသူမဲ့ဒရုန်းကာကွယ်ရေးစနစ်တွေ လည်း စျေးကွက်ထဲမှာ သိသိသာသာတိုးတက်လာလိမ့်မယ်လို့ Raytheon ကုမ္ပဏီက မျှော်လင့် ထားပါတယ်။

Source; Raytheon unveils new air-to-air missile design by defensenews.com ကို ပြန်ဆိုပါသည်။