ထန်တလန်မြို့၌ ဆယ်ကြိမ်မြောက် မီးလောင်မှုဖြစ်

ထန်တလန်မြို့၌ ဆယ်ကြိမ်မြောက် မီးလောင်မှုဖြစ်
ချင်းပြည်နယ် ၊ ထန်တလန်မြို့ပေါ် ဈေးရပ်ကွက်၌ ယနေ့ ( ဒီဇင်ဘာ ၄ ရက် )နံနက် ၉ နာရီခန့်က မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာဖြစ်သည့် Chin News Journal ၏ ‌ဖော်ပြမှုအရသိရသည်။
အဆိုပါ မီးလောင်မှုသည် ဆယ်ကြိမ်မြောက်မီးလောင်ခြင်းဖြစ်ပြီး United Pentecostal Church (UPC) ဘုရားကျောင်း မီးလောင်ပျက်ဆီးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်များ မီး‌လောင်ပျက်ဆီးဆုံးရှုံးခဲ့ရကာ မီးငြိမ်းရန်ကြိုးစားသူ ဓမ္မအမှုတော်ဆောင် တစ်ပါး အသတ်ခံခဲ့ရပြီး​ မြို့တွင်းနေထိုင်သူများနေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်သည်။
ထိုသို့နေရပ်စွန့်ခွာခဲ့ပြီးနောက် မီးလောင်မှုများ မကြာခဏဖြစ်ပွားနေပြီး နို၀င်ဘာ ၆ ရက်တွင် စိုက်ပျိုးရေးရပ်ကွက်ရှိ ထန်တလန်နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ (TABC) အောက်ရှိ မိဘမဲ့ဂေဟာ Peniel Children Home (PCH) အပါအ၀င် နေအိမ် ( ၉ )လုံး ၊နို၀င်ဘာ ၉ ရက်တွင် နေအိမ် ( ၂ ) လုံး ၊ နို၀င်ဘာ ၁၀ ရက် တွင် နေအိမ် ( ၇ ) လုံး ၊နိုဝင်ဘာ ၂၄ ရက်တွင် ထန်တလန်မြို့ပေါ်ရှိ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၄၉ လုံး ၊ နိုဝင်ဘာလ ၂၅ ရက် မှ နို၀င်ဘာ ၂၉ ရက် အတွင်း ထန်တလန်မြို့ပေါ် ၊ရပ်ကွက်သုံးခုရှိ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂၁၇ အိမ် မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။