မြောက်ကိုရီးယား ထောင်ပြေး ရက်၄၀အကြာ တရုတ်မှာ ဖမ်းမိ

တရုတ်ထောင်ထဲကနေ ထွက်ပြေးသွားတဲ့ မြောက်ကိုရီးယားနိုင်ငံသားတစ်ယောက်ကို တရုတ် ရဲတပ်ဖွဲ့က ရက်၄၀တောင် အသည်းအသန်ပြန်လိုက်ဖမ်းခဲ့ရပြီး အခုတော့ ပြန်ဖမ်းမိထားပြီလို့ သိရပါတယ်။

တရုတ်နာမည် ဇူရှင်ကျင်းလို့ လူတွေသိထားတဲ့ အသက်၃၉နှစ် ထောင်ဖောက်ပြေးသွားတဲ့သူ ကို တနင်္ဂနွေမှာ ပြန်ဖမ်းမိထားပြီဆိုတာ တရုတ်ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။

ဇူဟာ ၂၀၁၃ခုနှစ်က မြောက်ကိုရီးယားကနေ တရုတ်ပြည်ကို ထွက်ပြေးလာတဲ့ သူဖြစ်ပြီး တရုတ်ပြည်ဂျီလင်းမြို့က ထောင်မှာ ပြစ်ဒဏ် ချခံထားရတဲ့သူ ဖြစ်ပါတယ်။

သူ့ကိုဖမ်းမိဖို့ အတွက် သတင်းပေးနိုင်တဲ့သူကို ဆုငွေပမာဏ အများအပြား ထုတ်ပေးမယ်ဆိုပြီး ကမ်းလှမ်းချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

သူ ထောင်ဖောက်ပြေးတဲ့ရက်က အောက်တိုဘာ ၁၉ရက်နေ့ညကဖြစ်ပြီး ထောင်ခေါင်မိုး ပေါ်တွယ်တက် ၊ ခေါင်မိုးပေါ်ကတဆင့် လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုးကို ကျော်ပြီး ထွက် ပြေးသွားတဲ့ ဗီဒီယိုမှတ်တမ်းကို တရုတ်အစိုးရပိုင် ဘေဂျင်းသတင်းဌာနက ထုတ်လွှင့် ခဲ့ပါတယ်။

သူ့နောက်ကို ခြေရာခံ လိုက်လို့ရအောင် ထောင်အစောင့်တွေကိုပါ အဲ့ဒီဗီဒီယိုကို ပြခဲ့တာပါ ။

ထောင်ကထွက်ပြေးလာတဲ့ သူ့ကို လိုက်ဖမ်းနေတဲ့ အကြောင်းဟာ တရုတ်လူမှုကွန်ရက်ပေါ်မှာလည်း အကြီးအကျယ် စိတ်ဝင်စားမှုဖြစ်ခဲ့ပါတယ်။

ပြီးတော့ သူ့ကိုဖမ်းမိဖို့ အတွက် တိုက်ရိုက်သတင်းပေးနိုင်တဲ့ သူကိုလည်း ဆုကြေးငွေ အမေရိကန် ဒေါ်လာ တစ်သိန်းကျော်အထိဆုချမယ်လို့ တရုတ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရပါတယ်။

သူ ပြန်ဖမ်းမိသွားတဲ့သတင်းကို ဒေသတွင်း တီဗီသတင်းဌာနတွေက ဖော်ပြကြခဲ့ကြပြီး ဖမ်းမိတဲ့အချိန်မှာ ဇူရဲ့ ပုံစံက ပင်ပန်းဖျော့တော့နေတာကို တွေ့ရသလို သူ့ကို လက်နောက်ပြန် လက်ထိတ်ခတ်ထားပြီး ကြမ်းပြင်ပေါ် လဲနေတာ တွေ့ရပါတယ်။

မြောက်ကိုရီးယားက ထွက်ပြေးလာပြီးနောက် တရုတ်ပြည်မှာ ဇူ ထောင်ကျခဲ့ရတဲ့တာဟာ တရုတ်နိုင်ငံထဲ တရားမဝင်ခိုးဝင်လာမှု၊ခိုးမှုနဲ့ လုယက်မှုတွေကြောင့် ဖြစ်ပါတယ်။

သူဟာ ၂၀၁၃ခုနှစ်က မြောက်ကိုရီးယားနဲ့ တရုတ်ပြည်ကို ပိုင်းခြားထားတဲ့ မြစ်တစ်ခု ဖြတ်ပြီးဝင်လာတဲ့သူဖြစ်ပြီး အဲ့ဒီမြစ်နားက ရွာတစ်ရွာရဲ့ အိမ်တွေထဲက ‌‌ငွေတွေ၊ မိုဘိုင်းဖုံးတွေနဲ့ အဝတ်အစားတွေခိုးခဲ့သူဖြစ်တယ်လို့ တရားရုံးက သက်သေအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးတော့ သူ့ကို တွေ့သွားတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်ကို ဓားနဲ့ထိုးပြီး ရဲတပ်ဖွဲ့က သူ့ကို ဖမ်းမမိခင် အငှားကားတစ်စီးနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။

ဇူဟာ အဲ့ဒီအမှုတွေနဲ့ စုစုပေါင်း ထောင်ကိုးနှစ်ကျခံနေရတာဖြစ်ပြီး သူထွက်ပြေးတဲ့အချိန်မှာ ထောင်ကလွတ်ပြီး မြောက်ကိုရီးယားကို ပြန်ပို့ခံရဖို့ က ၂နှစ်ပဲကျန်တော့တယ်လို့ သိရပါတယ်။

သူထောင်က ထွက်ပြေးရဲ့အကြောင်းရင်းက မြောက်ကိုရီးယားကို ပြန်ပို့ခံရမှာ ကြောက်လို့ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်။

ထွက်ပြေးလာတဲ့ နိုင်ငံကို ပြန်ပို့ခံရရင် အသက်အန္တရာယ်စိုးရိမ်ရပြီး ဖမ်းဆီးနှိပ်စက်မှုတွေကြုံရနိုင်တဲ့ သူတွေကို ဒုက္ခသည်အဖြစ် လက်ခံရမယ်ဆိုတဲ့ ၁၉၅၁ ကုလသမဂ္ဂ ညီလာခံဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက လက်ခံ သဘောတူထားပေမယ့် မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့သူတွေကို အတင်းအကျပ်ပြန်ပို့တာတွေလုပ်နေပါတယ်။

အဲ့ဒီသူတွေကို တရားဝင် လက်ခံလိုက်ရင် သူတို့နိုင်ငံရဲ့ တရားရေးစနစ်ကို နှောင့်ယှက်နိုင်တဲ့ ရာဇဝတ်သားတွေဖြစ်လာနိုင်တယ်လို့ ယူဆထားပြီး ပြည်ပြေးတွေကို ဒုက္ခသည် တွေအဖြစ် လက်ခံဖို့ထက် တရားမဝင်ရွှေ့ပြောင်းလာတဲ့သူတွေအဖြစ်တရုတ်က သဘောထားနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုဖြစ်တဲ့ “လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျကျုးလွန်နေတဲ့ နိုင်ငံအဖြစ်” စွပ်စွဲထားပြီး အဲ့ဒီကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ က၂၀၁၄ခုနှစ်တုန်းက ထုတ်ပြောခဲ့တာရှိပါတယ်။