ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများထဲမှ ပုဒ်မ ၅၀၅(ခ)အမှုနှင့် သဘာဝဘေးအမှုတို့ကို ယနေ့ (၃၀.၁၁.၂၀၂၁)ရုံးချိန်းတွင် အမိန့်ချမှတ်ရန် စီစဥ်ထားသော်လည်း နောက်ရုံးချိန်းတွင်သာ ချမှတ်ရန် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ အမှုများကို အမိန့်ချရန် ဒီဇင်ဘာ ၆ ရက်နေ့သို့ ရွှေ့ဆိုင်းချိန်းဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၁မှုဖြင့် တရားရင်ဆိုင်နေရပြီး ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မများဖြင့်လည်း ထပ်တိုးတရားစွဲခံထားရသည်။
အဆိုပါအမှုများထဲမှ ပုဒ်မ ၅၀၅(ခ)မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ ၃ဦးကို ပူးတွဲစွဲဆိုထားခြင်းဖြစ်သည်။
၎င်းတို့ ၃ဦးမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဆိုပါ ၅၀၅(ခ)အမှုမှာ NLD CECက ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက် ၂ စောင်နှင့်ပတ်သတ်ပြီး စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယနေ့ အမိန့်ချရန် စီစဥ်ထားသည့် သဘာဝဘေးအမှုမှာ ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NLDပါတီအတွက် မဲဆွယ်ကားကမ်ပိန်းကို အိမ်ရှေ့ထွက်ပြီး လက်ပြနှုတ်ဆက်ခဲ့သည့်အတွက်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ပူးတွဲစွဲဆိုထားသည့်အမှုဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို စွဲဆိုထားသည့် သဘာဝဘေးအမှုကိုလည်း စစ်ဆေးခဲ့ပြီး အဆိုပါ အမှုနှင့် ပတ်သတ်၍ ဒေါက်တာဇော်မြင့်မောင်သည် ခရီးထွက်ပြီးနေပြည်တော်သို့လာနိုင်သည့် အခြေအနေရှိပြီး လာရာက်သက်သေခံလိုကြောင်း ၄င်း၏ရှေ့နေထံမှသိရကြောင်း စွပ်စွဲခံရသူ၏ရှေ့နေက တရားရုံးတွင် တင်ပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရုံးမှဆင့်စာထပ်မံထုတ်ပေးရန်နှင့် ဆင့်စာကိုဒေါက်တာဇော်မြင့်မောင် လက်ထဲ တိုက်ရိုက်ချပေးရန်လျှောက်ထားရာ တရားသူကြီးက ယင်းကိစ္စကို ဒီဇင်ဘာ ၆ ရက်နေ့တွင် အမိန့်ချရန် သတ်မှတ်လိုက်ကြောင်း သိရသည်။
ယခင်ပုံဟောင်း