ကမ္ဘာကြီးကိုတုန်လှုပ်ခဲ့တဲ့ အသေပျောက် အများဆုံး ကမ္ဘာ့ကပ်ဆိုးရောဂါကြီး ၁၀ ခုအကြောင်း

သိပ္ပံပညာရှင်များနှင့် ဆေးသုတေသနသမားများက တစ်ကမ္ဘာလုံး သို့မဟုတ် တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှင့် လူမှုအသိုင်းအဝန်းတစ်ခုအတွင်း ရောဂါကူးစက်မှုအကြား တိကျသည့်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲနေသော်လည်း ပထဝီဒေသတစ်ခုတွင် ရောဂါတစ်ခု ပုံမှန်မျှော်လင့်ထားသည်ထက်ပိုပြီး အကျယ်အပြန့်ကူးစက်မှုဖြစ်သည်ဆိုသော အချက်ကိုမူ သဘောတူကြသည်။

ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ကျောက်ရောဂါနှင့် တုပ်ကွေးတို့သည် လူသားသမိုင်းတွင် အရက်စက်ဆုံးလူသတ်သမားများဖြစ်သည်။နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်ပြီး ထိုရောဂါများဖြစ်ပွားခြင်းကို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားသော ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြပြီး အထူးသဖြင့် သမိုင်းတလျှောက်လုံးတွင် ကျောက်ရောဂါသည် ကမ္ဘာဖြစ်တည်လာသည့် နှစ်ပေါင်း ၁၂၀၀၀ အတွင်း လူ သန်း ၃၀၀ မှ ၅၀၀ အထိ သေဆုံးစေသော ရောဂါဖြစ်သည်။

နောက်ဆုံးမှတ်ချက်ချလိုသည်မှာ အနောက်အာဖရိကတွင် လူထောင်ချီသေဆုံးစေသော နောက်ဆုံးဖြစ်ပွားသည့် အီဘိုလာဗိုင်းရပ်စ်မှာ အနောက်အာဖရိကတွင်သာ ဖြစ်ပွားသည်။ထိုဗိုင်းရပ်ကူးစက်မှုသည် တစ်နေ့တွင် တစ်ကမ္ဘာလုံးကူးစက်သည့်ရောဂါ ဖြစ်လာနိုင်ပြီး ယခုအချိန်တွင်မူ လူမှုအသိုင်းအဝန်းတစ်ခုအတွင်း ကူးစက်သည့် ရောဂါအဆင့်သာ သတ်မှတ်ထားသောကြောင့် ယခုစာရင်းတွင် ပါဝင်လာသည်။

၁) HIV/AIDS ခုခံအားကျကူးစက်ရောဂါ (၂၀၀၅ မှ ၂၀၁၂ အတွင်း)
သေဆုံးသူ – ၃၆ သန်း
အကြောင်းအရင်း – HIV/AIDS ဗိုင်းရပ်စ်

၁၉၇၆ ခုနှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် စတင်တွေ့ရှိသော HIV/AIDS သည် တစ်ကမ္ဘာလုံးဖြစ်ပွားသော ရောဂါဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်ပြီး လူ ၃၆ သန်း သေဆုံးစေသည်။လက်ရှိအချိန်တွင် HIV ဗိုင်းရပ်စ် ကူးစက်နေထိုင်သူ ၃၁ သန်းမှ ၃၅ သန်းကြားရှိပြီး အများစုသည် အာဖရိကတိုက် ဆာဟာရဒေသခွဲတွင် ရှိသည်။ထိုဒေသတွင် နေထိုင်သူများ၏ ၅ ရာခိုင်နှုန်းကို ကူးစက်ပြီး အကြမ်းဖျင်းအားဖြင့် လူ ၂၁ သန်းရှိသည်။ထိုရောဂါနှင့် ပတ်သက်သော နိုးကြားမှုမြင့်မားလာသောကြောင့် ကုထုံးသစ်များပေါ်လာပြီး ထိုရောဂါကို ပိုမိုကိုင်တွယ်လာနိုင်ပြီး ကူးစက်ခံရသူများသည် အပြုသဘောဆောင်သော ဘဝများကို ဖြတ်သန်းလာရသည်။၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထိုရောဂါကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၂.၂ သန်း မှ ၁.၆ သန်းအထိ ကျဆင်းလာသည်။

၂) တုပ်ကွေးရောဂါ (ဟောင်ကောင်တုပ်ကွေး)
သေဆုံးသူ – ၁ သန်း
အကြောင်းအရင်း – Influenza တုပ်ကွေးဗိုင်းရပ်စ်

အဆင့် ၂ တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါကို တခါတရံ ဟောင်ကောင်တုပ်ကွေးဟု ခေါ်ကြပြီး ၁၉၆၈ ခုနှစ်က ဖြစ်ပွားသော တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါကို Influenza A ဗိုင်းရပ်စ်၏ H3N2 မျိုးစိတ်က ဖြစ်ပွားစေသည်။၎င်းသည် H2N2 မျိုးခွဲ၏ အဆွယ်အပွားဖြစ်သည်။၁၉၆၈ ခုနှစ်က ဇူလိုင်လ ၁၃ ရက်နေ့က ဟောင်ကောင်တွင် စတင်တွေ့ရှိပြီး ၁၇ ရက်ကြာ ကူးစက်မှုအတွင်း စင်္ကာပူနှင့် ဗီယက်နမ်သို့ ကူးစက်ပြီး ၃ လအကြာတွင် ဖိလစ်ပိုင်၊ အိန္ဒိယ၊ သြစတြေးလျှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့သို့ ကူးစက်သည်။၁၉၆၈ ခုနှစ်က ထိုရောဂါကြောင့် သေဆုံးမှုနှုန်း ၅ ရာခိုင်နှုန်းသည် နှိုင်းယှဉ်ချက်အားဖြင့် နိမ့်သော်လည်း ထိုစဉ် ဟောင်ကောင် လူဦးရေ၏ ၁၅ ရာခိုင်နှုန်းဖြစ်သော လူ ၅ သိန်း အပါအဝင် လူ ၁ သန်းကျော် သေဆုံးစေသည်။

၃) အာရှတုပ်ကွေး (၁၉၅၆-၁၉၅၈)
သေဆုံးသူ – ၂ သန်း
အကြောင်းအရင်း – Influenza ဗိုင်းရပ်စ်

Influenza A ၏ H2N2 မျိုးခွဲ အာရှတုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံတွင် ၁၉၅၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိကြာသည်။၂ နှစ်တာဖြစ်ပွားမှုအတွင်း အာရှတုပ်ကွေးသည် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်မှ စင်္ကာပူ၊ ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုသို့ ကူးစက်သည်။အာရှတုပ်ကွေးကြောင့် သေဆုံးမှုနှုန်းသည် သတင်းရင်းမြစ်များအပေါ် မူတည်ကွဲပြားနေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးစာရင်းအရ ခန့်မှန်းခြေ လူ ၂ သန်းသေပြီး အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင် လူ ၆၉၈၀၀ ဦး သေဆုံးသည်။

၄) တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါ
သေဆုံးသူ – သန်း ၂၀ မှ သန်း ၅၀ ကြား
အကြောင်းအရင်း – Influenza ဗိုင်းရပ်စ်

၁၉၁၈ ခုနှစ်မှ ၁၉၂၀ အကြား တုန်လှုပ်စရာကောင်းလောက်အောင် သေဆုံးသော Influenza ဗိုင်းရပ်စ် ကူးစက်မှုသည် တစ်ကမ္ဘာလုံးပျံ့နှံ့ပြီး ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၁ ပုံကို ကူးစက်ကာ လူ သန်း ၂၀ မှ သန်း ၅၀ အကြား သေဆုံးမှုကိုဖြစ်စေသည်။၁၉၁၈ တစ်ကမ္ဘာလုံး ကူးစက်ရောဂါခံစားရသူ သန်း ၅၀၀ အနက် သေဆုံးမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းရှိပြီး ပထမ ၂၅ ပတ်အတွင်း သေဆုံးသူ ၂၅ သန်းရှိသည်။အခြားတုပ်ကွေးရောဂါဖြစ်ပွားမှုများနှင့် မတူသောအချက်မှာ Influenza ဗိုင်းရပ်စ်သည် ယခင်က ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အားအင်ချိနဲ့နေသူများကိုသာ သေဆုံးစေသော်လည်း လုံးဝကျန်းမာသည့် အရွယ်ရောက်ပြီးသူများကို သေဆုံးစေပြီး ကလေးများနှင့် ကိုယ်ခံအားနည်းသူများကို ရှင်ကျန်စေခြင်းဖြစ်သည်။

၅) ခြောက်ကြိမ်မြောက် ကာလဝမ်းရောဂါ ကူးစက်မှု (၁၉၁၀-၁၉၁၁)
သေဆုံးသူ – ၈ သိန်းကျော်
အကြောင်းအရင်း – Cholera ပိုး

ယခင်ဖြစ်ပွားမှု ပုံစံ ၅ ခုအတိုင်း ခြောက်ကြိမ်မြောက် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံတွင် စတင်ပြီး အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့ဥရောပနှင့် ရုရှားသို့ မပျံ့နှံ့မီ အိန္ဒိယတွင် လူ ၈ သိန်း သေဆုံးစေသည်။၆ ကြိမ်မြောက် ကာလဝမ်းရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် နောက်ဆုံး ကာလဝမ်းရောဂါကူးစက်မှု (၁၉၁၀-၁၁) ဖြစ်သည်။အမေရိကန်ကျန်းမာရေး အာဏာပိုင်များသည် အတိတ်မှလေ့လာပြီး ကူးစက်ခံရသူများကို သီးခြားခွဲထားကာ အမေရိကန်ပြည်ထောင်စုတွင် ၁၁ ဦးသာ သေဆုံးစေသည်။၁၉၂၃ ခုနှစ်သို့ ရောက်သောအခါ ကာလဝမ်းရောဂါဖြစ်ပွားမှုကို သိသိသာသာလျှော့ချနိုင်သော်လည်း အိန္ဒိယတွင် ပုံမှန်ဖြစ်ပွားနေဆဲဖြစ်သည်။

၆) ရုရှားတုပ်ကွေး (၁၈၈၉-၁၈၉၀)
သေဆုံးသူ – ၁ သန်း
အကြောင်းအရင်း – Influenza ဗိုင်းရပ်စ်

မူလက အာရှတုပ်ကွေး သို့မဟုတ် ရုရှားတုပ်ကွေးဟုခေါ်သော ထိုမျိုးစိတ်သည် Influenza A ဗိုင်းရပ်စ်မျိုးခွဲ H2N2 ဟု ယူဆခဲ့သော်လည်း မျိုးခွဲ H3N8 ကြောင့်ဖြစ်ကြောင်း သိရသည်။ပထမဆုံး ရောဂါဖြစ်ပွားမှုကို ၁၈၈၉ ခုနှစ် မေလတွင် သီးခြားဖြစ်သော နေရာသုံးခုဖြစ်သည့် ဗဟိုအာရှမှ ဘူခါရာ (တာကက်စတန်)၊ ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းမှ အသာဘက်စကာနှင့် ဂရင်းလန်တို့တွင် တွေ့ရှိရသည်။၁၉ ရာစုက အထူးသဖြင့် မြို့ပြဒေသများတွင် လူဦးရေအလျှင်အမြန်တိုးပွားလာခြင်း တုပ်ကွေးကို ပိုမိုကူးစက်စေပြီး မကြာမီရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးသို့ ကူးစက်သွားသည်။၎င်းသည် ဘက်တီးရီးယားခေတ်တွင် ပထမဆုံးကူးစက်ရောဂါ ဖြစ်သော်လည်း ထိုကူးစက်မှုမှ များစွာလေ့လာသိရှိရသည်။နောက်ဆုံး ၁၈၈၉-၁၈၉၀ တွင် လူ ၁ သန်းကျော် သေဆုံးစေသည်။

၇)တတိယကာလဝမ်းရောဂါ
သေဆုံးသူ – ၁ သန်း
အကြောင်းအရင်း – Cholera ပိုး

ကာလဝမ်းရောဂါ တစ်ကမ္ဘာလုံးကူးစက်မှု ၇ မှုတွင် သေဆုံးမှုအများဆုံးအဖြစ် သတ်မှတ်ထားသည့် ၁၉ ရာစုတွင် တတိယအကြိမ် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ၁၈၅၂ ခုနှစ်မှာ ၁၈၆၀ ခုနှစ်အထိကြာသည်။ပထမနှင့် ဒုတိယအကြိမ် ကူးစက်မှုများကဲ့သို့ပင် တတိယကာလဝမ်းရောဂါသည် အိန္ဒိယမှစတင်ပြီး အာရှ၊ ဥရောပနှင့် မြောက်အမေရိကသို့ မကူးစက်မီ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသသို့ ကူးစက်ပြီး လူ ၁ သန်းကျော် သေဆုံးစေသည်။ဗြိတိသျှသမားတော် ဂျွန်စနိုးသည် လန်ဒန်မြို့ ဆင်းရဲသားရပ်ကွက်တွင် အလုပ်လုပ်နေစဉ် ကာလဝမ်းရောဂါကို ခြေရာခံမိပြီး ရောဂါကူးစက်ခြင်းသည် မသန့်ရှင်းသောရေကြောင့်ဖြစ်ကြောင်း သိလာသည်။ကံမကောင်းအကြောင်းမလှသည်မှာ ထိုအချက်ကို သူသိရှိသည့် ၁၈၅၄ ခုနှစ်သည် ထိုကူးစက်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသော အချိန်ဖြစ်ပြီး ဗြိတိန်တွင် လူ ၂ သောင်း ၃ ထောင် သေသည်။

၈) ပလိပ်ရောဂါ (၁၃၄၆-၁၃၅၃)
သေဆုံးသူ – ၇၅ သန်းမှ သန်း ၂၀၀
အကြောင်းအရင်း – ဘူဘွန်နစ် ပလိပ်ပိုး

၁၃၄၆ မှ ၁၃၅၃ အထိ ပလိပ်ရောဂါသည် ဥရောပ၊ အာဖရိကနှင့် အာရှတွင် ဖြစ်ပွားပြီး ခန့်မှန်းခြေ လူ ၇၅ သန်းမှ သန်း ၂၀၀ အထိ သေဆုံးသည်။အာရှတွင် စတင်ဖြစ်ပွားသည်ဟု ယူဆရသည့် ပလိပ်ရောဂါသည် ကုန်တင်သင်္ဘောများတွင် နေထိုင်သည့် ကြွက်များ၏ သန်းများမှ တိုက်ကြီးတစ်တိုက်မှ တစ်တိုက်သို့ ကူးစက်သွားသည်။ထိုစဉ်က ဆိပ်ကမ်းများသည် လူများအဓိကနေထိုင်သည့် မြို့ကြီးများဖြစ်သောကြောင့် ကြွက်နှင့် သန်းများ အဓိကပေါက်ဖွားရာဖြစ်နေပြီး ဘက်တီးရီးယားများပေါများပြီး တိုက်ကြီးသုံးတိုက်ကို ပျက်စီးစေသည်။

၉) ဂျပ်စတင်းနီးယန်း ပလိပ် (၅၄၁-၅၄၂)
သေဆုံးသူ – ၂၅ သန်း
အကြောင်းအရင်း – ဘူဘွန်နစ် ပလိပ်

ဥရောပ၏ လူဦးရေထက်ဝက်ကို သေဆုံးစေသည်ဟု ယူဆရသည့် ဂျပ်စတင်းနီးယန်း ပလိပ်သည် ဘိုင်ဇန်တိုင်းအင်ပါယာနှင့် မြေထဲပင်လယ် ဆိပ်ကမ်းမြို့ကြီးများတွင် ဖြစ်ပွားပြီး တစ်နှစ်တာကာလအတွင်း လူ ၂၅ သန်း သေဆုံးစေသည်။ပထမဆုံး ဘူဘွန်နစ်ပလိပ်ရောဂါ ဖြစ်ပွားမှုဟု ယေဘုံယျအားဖြင့် သတ်မှတ်ထာသော ဂျပ်စတင်နီးယန်း ပလိပ်သည် အရှေ့ပိုင်းမြေထဲပင်လယ်မှ လူ ၄ ပုံ ၁ ပုံကို သေဆုံးစေပြီး ကွန်စတန်တင်နိုပယ်မြို့ကို ဖျက်ဆီးလိုက်သည်။ထိုမြို့တွင် တစ်နေ့ လူ ၅၀၀၀ သေဆုံးပြီး နောက်ဆုံးတွင် မြို့လူဦးရေ ၄၀ ရာခိုင်နှုန်း သေဆုံးသည်။

၁၀)ကိုဗစ်(၁၉) ကပ်ရောဂါ ( 2019- Present )
သေဆုံးသူ – 4.29 သန်း
အကြောင်းအရင်း – covid-19

ကိုဗစ် ၁၉ ကတော့ အခုစာရေးသူ ရေးသားနေတဲ့ အချိန်ထိတော့ တကမ္ဘာလုံးအနေနဲ့ထိန်းချုပ်နိုင်စွမ်းမရှိသေးပါဘူး၊ သုတေသနပညာရှင်များကလည်း လေ့လာနေဆဲပါဘဲ။ရောဂါဖြစ်ပေါ်ရသည့်အကြောင်းရင်းနှင့်ေသခြာတိကျတဲ့ အဖြေမျိုးကို တော့မည်သည့်အဖွဲ့စည်းမျိုးကမှထုတ်ပြန်နိုင်ခြင်းမျိုးမရှိသေးပါဘူး။

Sources : mphonline.org/worst pandemics in history / WHO