ကုလသမဂ္ဂ သမိုင်းကြောင်း တစ်လျှောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာများ

ဦးသန့်သည် ၁၉၅၇ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ၁၉၅၇ ခုနစ်မှ ၁၉၆၁ ခုနစ်ထိ၊ ထို့နောက်တွင် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂ၏ သက်တမ်းတစ်လျှောက်တွင် မြန်မာလူမျိုးများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့မှာ

ဦးစိုးညွန့်၊ အိုင်စီအက်စ်၊ ၁၉၄၉ ခုနစ်တွင် ပထမဆုံးသော မြန်မာကိုယ်စားလှယ်။ (ပုံအမှတ် ၁) ဂျိမ်းစ်ဘာရင်တန်၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးရုံး၏ အမြဲတမ်း အတွင်းဝန်နှင့် ၁၉၅၀ ပြည့်နှစ်များတွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း အတွင်းဝန်။ (ပုံအမှတ် ၂ တွင် ဦးသန့်နှင့်၊ ပုံအမှတ် ၃ တွင် ဦးနု၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဟန်မားရှိုးတို့နှင့် အတူ) တရားသူကြီး ဦးမြင့်သိန်း၊ ၁၉၅၃ ခုနစ်တွင် တရုတ်ဖြူ ကူမင်တန်တပ်များ မြန်မာပြည်ထဲသို့ ကျူးကျော်လာမှု အတွက် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စား တင်ပြခဲ့သူ။ (ပုံအမှတ် ၄) ဒေါ်မြစိန်၊ ပါမောက္ခ၊ ၁၉၆၀ ခုနစ်က အထွေထွေ ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သူ။ (ပုံအမှတ် ၅) ဦးညွန့်၊ အိုင်စီအက်စ်၊ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များ အတွင်း အာရှနှင့် အရှေ့တိုင်းဆိုင်ရာ စီးပွားရေး ကော်မတီ (ECAFE, နောင်တွင် UNESCAP) ၏ အတွင်းရေးမှူး။ (ပုံအမှတ် ၆) မြန်မာနိုင်ငံသည် ၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ အစောပိုင်း ကာလများက လက်ဘနွန်နှင့် ကွန်ဂိုနိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များ အတွက် တပ်များလဲ ပံ့ပိုးပေးခဲ့သည်။ ပုံအမှတ် ၇ နှင့် ၈ တွင် တွေ့ရသည့် ဗိုလ်မှူးကြီး ရဲခေါင်သည် ၁၉၆၀ ခုနစ်က ကွန်ဂိုနိုင်ငံသို့ စေလွှတ်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွင် ပါဝင်ခဲ့ပြီး၊ ကုလသမဂ္ဂ၏ အရှေ့တိုင်းဆိုင်ရာ ဦးစီးချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၎င်းနှင့်အတူ ကွန်ဂိုတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ငြိမ်းချမ်းရေး တပ်သားများကိုလည်း တွေ့မြင်နိုင်ပါသည်။

ဦးသန့်ဂေဟာ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးသည်လည်း ကုလသမဂ္ဂတွင် ၁၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-၉၃ ခုနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ် အတွက်လည်းကောင်း၊ ၁၉၉၄-၉၆ ခုနစ်က ယခင် ယူဂိုစလားဗီးယားနိုင်ငံတွင် လည်းကောင်း၊ ၂၀၀၀-၂၀၀၇ ခုနစ်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် နိုင်ငံရေးရာဌာန၏ မူဝါဒစီမံရေးရာ ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။ ပုံအမှတ် ၉ မှာ ၁၉၉၄ ခုနစ်က ယခင် ယူဂိုစလားဗီးယားနိုင်ငံတွင် စာနယ်ဇင်းများ မေးမြန်းမှုကို ဒေါက်တာသန့်မြင့်ဦး ဖြေကြားနေပုံ ဖြစ်ပါသည်။

Ref/source: အမေ့ခံအတိတ်