ဒွိန်းဂျွန်ဆင်က နပန်းဒဏ်ရာကြောင့် ဝမ်းဗိုက်ကြွက်သားများ ပြီးပြည့်စုံမှုမရှိတော့သည့်အကြောင်းကို ရှင်းပြ

အမေရိကန်ရုပ်ရှင်မင်းသား ဒွိန်းဂျွန်ဆင်က သူ့တွင်ပြီးပြည့်စုံသည့် ဝမ်းဗိုက်ကြွက်သားများ ရှိမနေတော့ခြင်းမှာ နဂိုကရရှိထားသည့် နပန်းဒဏ်ရာကြောင့်ဖြစ်ကြောင်း ဖွင့်ချပြောဆိုလိုက်သည်။

ပရော်ဖက်ရှင် နပန်းသမားဘဝမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသူ ဒွိန်းဂျွန်ဆင်သည် တောင့်တင်းသည့် ကိုယ်လုံးကိုယ်ထည်ကြောင့် ထင်ရှားလှပြီး Jungle Cruise ရုပ်ရှင်ကြော်ငြာတစ်ခုတွင် Google မေးခွန်းများကို ဖြေဆိုရင်း ထိုအကြောင်းကို ထည့်ပြောသွားခြင်းဖြစ်သည်။ မေးခွန်းတစ်ခုက သူ၏ဝမ်းဗိုက်ကြွက်သားများ အကြောင်းကို မေးထား၍ဖြစ်သည်။

ဂျွန်ဆင်သည် ၂၀၁၃ ခုနှစ်က အမေရိကန်နပန်းသမား John Cena နှင့် ထိုးသတ်ပွဲတစ်ခုတွင် ဒဏ်ရာရထားခဲ့သည်။ ထိုပွဲတွင် သူ၏ဝမ်းဗိုက်ပိုင်း အထိနာခဲ့ပြီး ထိုဒဏ်ရာကြောင့် ဝမ်းဗိုက်နံရံပေါက်ပြဲကာ အူကျွံနာခွဲစိတ်မှု သုံးကြိမ်တိုင်တိုင် ပြုလုပ်လိုက်ရသည်ဟု ဖွင့်ဟခဲ့သည်။ ကြိုးဝိုင်းထဲတွင် ဒွိန်းဂျွန်ဆင်ကို “The Rock” ဟု သိကြသည်။

ဂျွန်ဆင်နည်းတူ နပန်းသမားလည်းဖြစ် သရုပ်ဆောင်လည်းဖြစ်သည့် John Cena ကလည်း WWE (World Wrestling Entertainment) သို့ ဂျွန်ဆင်ပြန်လာရန် မျှော်လင့်နေကြောင်း လတ်တလော ပြောဆိုထားသည်။ သို့သော် ကြိုးဝိုင်းလောကသို့ ဒွိန်းဂျွန်ဆင်ပြန်လာမည်ဆိုသည့် သတင်းများကား ယခုအထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။

“The Rock ကို ကျွန်တော် ချစ်တယ်၊ သန်းပေါင်းများစွာသော သူတွေလည်း သူ့ကိုချစ်တယ်။ သူပြန်လာရင်တော့ ပျော်ကြမှာပဲ” ဟု အသက် ၄၄ နှစ်အရွယ်ရှိ John Cena က ဆိုသည်။

မနှစ်က စက်တင်ဘာတွင် ဒွိန်းဂျွန်ဆင်တို့ တစ်မိသားစုလုံး COVID-19 ကူးစက်ခဲ့သေးသည်။ သူနှင့်သူ့ဇနီး၊ သမီးနှစ်ဦးတို့ ကျန်းမာရေးစည်းမျဉ်းများ လိုက်နာသည့်ကြားက ဗိုင်းရပ်စ် ကူးစက်ထားကြောင်း ကြေညာခဲ့သည်။ အလွန်ရင်းနှီးသည့် မိသားစုမိတ်ဆွေများထံမှနေ၍ ကူးလာသည်ဟုလည်း ဆိုသည်။

အောင်မြင်သည့် နပန်းသမားဘဝမှ ရုပ်ရှင်နယ်ပယ်ဘက်သို့ ကူးပြောင်းရောက်ရှိလာသူ ဒွိန်းဂျွန်ဆင်သည် The Scorpion King ၊ Fast & Furious 6 နှင့် Jumanji ကဲ့သို့ လူကြိုက်များသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၂၀ သြဂုတ်က Forbes မဂ္ဂဇင်း ဖော်ပြချက်အရ ဒွိန်းဂျွန်ဆင်သည် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသားအဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နေပြီး အားကစားအဝတ်အထည်လုပ်ငန်း Project Rock မှလည်း ဝင်ငွေများ ရရှိနေသည်။