အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ ညှိနှိုင်းနေဆဲကာလမှာပဲ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အေအေ အဖွဲ့ကို သမ္မတရုံးက ပြင်းပြင်းထန် ဝေဖန်လိုက်ပါတယ်။

နေပြည်တော် သမ္မတရုံးမှာ နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီး အေအေ ရက္ခိုင့်တပ်တော်ကို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ်၊ အရပ်သား၊ တပ်၊ ရဲ နဲ့ အစိုးရဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ကိစ္စ၊ အေအေ တောင်းဆိုတဲ့ သုံ့ပန်းလဲလှယ်ရေး ထုတ်ပြန်ချက်နဲ့ အေအေရဲ့ တိုက်ခိုက်မှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ’စစ်ဘုရင်ဝါဒ’၊ ‘အဓိပ္ပါယ်မရှိတဲ့တောင်းဆိုချက်’၊ ‘ဓားပြသာသာ အဆင့်’ဆိုတဲ့ စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အေအေက ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးကို အင်မတန် စိုးရိမ်ပူပန်ကြောင်းပြောပါတယ်။

ဒါကြောင့် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ အေအေနဲ့ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် လွှတ်ပေးဖို့ ပြောဆိုတာ၊ အေအေအပေါ်မှာ သြဇာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကနေတဆင့် ပြောတာတွေကို လုပ်နေတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်ကအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အေအေက ဖမ်းဆီးခံထားရသူတွေအကြောင်း ပြောဆိုရာမှာတော့ အေအေအဖွဲ့က ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေ ပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုသူကို ဖမ်းထားတာတယ်ဆိုတာ ‘နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးရာရောက်တယ်’ လို့ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အေအေက ထုတ်ပြန်တဲ့ သုံ့ပန်းလဲလှယ်ရေးက အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ဖြစ်တယ် လို့လည်း ပြောပါတယ်။

အေအေက လက်ရှိဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့ သက်ဆိုင်သူတွေနဲ့ အစိုးရက ဖမ်းဆီး၊ တရားစွဲဆိုထားသူတွေကို သုံ့ပန်းချင်းလဲလှယ်မယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက်ထုတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတရုံး ပြောခွင့်ရသူကတော့ “အေအေလုပ်နေတာက တွေ့တဲ့လူဖမ်း လုပ်နေတာ”၊ “ကိုယ့်နယ်ထဲမှာ စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်းလုပ်၊ အဲလိုမျိုးတော့ လက်ခံလို့ မရဘူး” လို့ ပြောပါတယ်

နောက် တပ်မတော်က ဖမ်းဆီးတာတွေက ဥပဒေလမ်းကြောင်းအတိုင်းလုပ်တာ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်နေတာတွေ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်က အရပ်သားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းတယ်၊ အေအေနဲ့ ဆက်စပ် ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူတွေ ရှိပြီး ဒီလူတွေကို အေအေက ဖမ်းထားသူတွေနဲ့ သုံ့ပန်းချင်းလဲမယ်ဆိုပြီး နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အေအေအဖွဲ့ရဲ့ တိုက်ခိုက်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး “နိုင်ငံတကာ ကွန်ဗန်းရှင်းတွေအရ သဘောတူထားတဲ့ မြင်သာထင်သာတဲ့ ယူနီဖောင်းတွေ၊ တံဆိပ်တွေ ၊ အမှတ်အသားတွေ၊ လက်နက်တွေကို ဘယ်လိုကိုင်ဆောင်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း သိပုံမရဘူး” လို့လည်း ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတဲ့စာတွေ ထုတ်ထားတာတွေ တွေ့ရပြီး ဒါကို အေအေက ငြင်းချက်ထုတ်တာ မတွေ့ရတဲ့အတွက် အေအေလုပ်တယ်လို့ ယူဆရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီစာတွေနဲ့ပတ်သက်ပြီး “လူကိုဖမ်းတယ်။ ပိုက်ဆံဘယ်လောက်နဲ့ ရွေးပါလို့ပြောတာ တကယ့် ဓားပြသာသာ အဆင့်ပဲရှိတယ်” လို့ ပြောပါတယ်။

အေအေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရရဲ့တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့ စပြီးလှုပ်ရှားလာကတည်းက effective counter insurgency operation – သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး တပ်မတော်ကလည်း ဒါကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ “တစ်ဖက်မှာလည်း တိုင်းရင်းသားအခွင့်အရေးတွေ ပြည်နယ်အခွင့်အရေးတွေ လိုချင်တယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို လာဖို့လိုပါတယ်။ အခုက ဖက်ဒရယ်ကို ဦးတည်နေတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲကို လာပြီး တောင်းဆိုဖို့လိုတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ လမ်းကြောင်းဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဒီကာလမှာပဲ အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အေအေ အဖွဲ့အပါအဝင် TNLA တအာင်း/ပလောင်၊ MNDAA ကိုးကန့်နဲ့ KIA ကချင် လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရေးကို ဆောင်ရွက်နေကြောင်း၊ အဲဒီလို ဆောင်ရွက်နေစဉ်မှာပဲ အလွတ်သဘောတွေ့ဆုံမှုတွေ လုပ်နေပြီး မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို အမှန်တကယ်လျှောက်မယ်ဆိုတာ သေချာရင်၊ ပဏာမ အပစ်ရပ်လက်မှတ်ထိုးပြီးရင် ဆက်လုပ်မယ့် လုပ်ငန်းတွေကို သဘောတူရင် အစိုးရက အဲဒီအဖွဲ့တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။