အိန္ဒိယကာကွယ်ရေး ၀န်ကြီးဌာနဟာT-90 တင့်မျိုးကွဲဖြစ်တဲ့ ရုရှားရဲ့ T-90MS ပင်မတိုက်ပွဲဝင်တင့် ၄၆၉ စီးထုတ်လုပ်ဖို့အတွက် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၊ Avadi ဒေသမှာရှိတဲ့ Heavy Vehicles စက်ရုံနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလတုန်းက အိန္ဒိယရဲ့လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ကော်မတီ (CCS) ဟာ အိန္ဒိယကြည်းတပ်အတွက် ရူပီး ၁၃၄ ဒသမ ၄၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံ) တန်ဖိုးရှိ T-90MS ပင်မတိုက်ပွဲဝင်တင့် ၄၆၄ စီးဝယ်ယူရေးအတွက် အတည်ပြုခဲ့ပါသေးတယ်။

အဲဒီပင်မတိုက်ပွဲဝင်တင့် ၄၆၄ စီးဟာအိန္ဒိယ-ပါကစ္စတန်နယ်စပ်ဒေသရဲ့ အနောက်ဘက်တစ်လျှောက်ရှိ အိန္ဒိယကြည်းတပ်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်သွားဖို့ဖြစ်ပါတယ်။ ပင်မတိုက်ပွဲဝင်တင့်တွေအပြီးတိုင်ထုတ်လုပ်ပြီးမယ်ဆိုရင် အိန္ဒိယကြည်းတပ်မှာအဲဒီတင့်အမျိုးအစား ၁၅၀၀ ကျော်ရှိသွားမှာဖြစ်ပါတယ်။

ပါကစ္စတန်ဟာလည်း အဲဒီပင်မတိုက်ပွဲဝင်တင့်တွေဝယ်ယူဖို့အတွက် ရုရှားနဲ့ပြောဆိုဆွေးနွေးထားတာတွေရှိပါတယ်။လက်ရှိမှာ အိန္ဒိယကြည်းတပ်ဟာ Bhishma အမည်နဲ့ ပြည်တွင်းမှာလိုင်စင်ရယူပြီးထုတ်လုပ်ထားတဲ့ T-90S ပင်မတိုက်ပွဲဝင်တင့်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။လိုင်စင်ရယူထုတ်လုပ်ထားတဲ့ ပထမအသုတ် T-90M “Bhishma” ပင်မတိုက်ပွဲဝင်တင့် ၁၀ စီးကို ၂၀၀၉ ခုနှစ်၊သြဂုတ်လ ၂၄ ရက်မှာ အိန္ဒိယကြည်းတပ်ထံ တပ်တော်သွင်းခဲ့ကြပါတယ်။

အိန္ဒိယရဲ့စီမံချက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ T-90S ပင်မတိုက်ပွဲဝင်တင့်တပ်ရင်းကြီး ၂၁ ရင်းရှိလာဖို့အတွက် ရည်ရွယ်ထားခဲ့ကြပါတယ်။ အဲဒီတပ်ရင်းကြီးတစ်ရင်းစီမှာ တိုက်ပွဲဝင်တင့် ၄၅ စီး၊လေ့ကျင့်ရေးအတွက် ၁၇ စီးနဲ့ အစားထိုးလဲလှယ်ခြင်းအပါအဝင် တစ်ရင်းစီမှာ တိုက်ပွဲဝင်တင့် ၆၂ စီးစီရှိဖို့အတွက် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

T-90MS ပင်မတိုက်ပွဲဝင်တင့်တွေကို ၂၀၁၁ ခုနှစ်၊စက်တင်ဘာလမှာပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ကာကွယ်ရေးဆိုင်ရာစစ်လက်နက်ပစ္စည်းပြပွဲမှာ ပထမအကြိမ်တရားဝင်ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီပင်မတိုက်ပွဲဝင်တင့်အသစ်တွေဟာ မျက်မှောက်ခေတ်စစ်မြေပြင်ခြိမ်းခြောက်မှုတွေနဲ့တိုက်ပွဲဝင်လုပ်ဆောင်မှုတွေမှာ စစ်မြေပြင်စွမ်းဆောင်ရည်မြင့်မားစေဖို့ အခြေခံစနစ်မျိုးကွဲတွေရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ခေတ်မီ T-90 ပင်မတိုက်ပွဲဝင်တင့် မျိုးကွဲတစ်မျိုးပဲဖြစ်ပါတယ်။

T-90MS ပင်မတိုက်ပွဲဝင်တင့်ရဲ့ အဓိကလက်နက်အဖြစ် ပြောင်းခံနိုင်ရည်မြင့်မားပြီး တိကျမှုစွမ်းရည်မြင့်မားတဲ့ 2A46M-5 ၁၂၅ မီလီမီတာအမြောက်ကို တပ်ဆင်ထားပါတယ်။ T-90MS ပင်မတိုက်ပွဲဝင်တင့်ရဲ့သံချပ်ကာဟာ တပ်ဖွဲ့ဝင်တွေကို သမားရိုးကျလက်နက်ငယ်ကျညတွေနဲ့ လက်နက်ကြီးပေါက်ကွဲစတွေရဲ့ ထိခိုက်မှုဒဏ်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

T-90MS ပင်မတိုက်ပွဲဝင်တင့်ရဲ့ သံချပ်ကာကာကွယ်နိုင်စွမ်းမြင့်မားစေဖို့ ယာဉ်ကိုယ်ထည်ရဲ့ရှေ့ပိုင်းမှာ RELIKT တုံ့ပြန်သံချပ်ကာအသစ်တွေတပ်ဆင်ထားပြီး ဆုံလည်ပိုင်းကို ယခင် T-
90 တင့်တွေမှာအသုံးပြုထားတဲ့ Kontakt-5 တုံ့ပြန်သံချပ်ကာကို အစားထိုးတပ်ဆင်အသုံးပြုထားပါတယ်။

အဲဒီတုံ့ပြန်သံချပ်ကာတွေဟာ အနာဂတ်မှာထွက်ပေါ်လာမယ့် တင့်ဖျက်လက်နက်စနစ်တွေနဲ့ လက်ရှိအသုံးပြုနေတဲ့တင့်ဖျက်လက်နက်စနစ်တွေရဲ့ တိုက်ခိုက်မှုအန္တရာယ်ကနေ ကာကွယ်ပေးသွားနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။