ကိုရိုနာဗိုင်းရပ်စ်ပိုး အဓိကကူးစက်ဖြစ်ပွားနေရာ ဝူဟန်မြို့ကနေ အမေရိကန်သံတမန်တွေနဲ့နိုင်ငံသားတွေကို လေ ယာဉ်နဲ့ နေရာရွှေ့ပြောင်းဖို့ အမေရိကန်အစိုးရက စီစဉ်နေပြီဖြစ်တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဝူဟန်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးက သံတမန်တွေနဲ့ သူတို့ရဲ့မိသားစုဝင် စုစုပေါင်း လူ(၃၀)ကျော်ကို လေယာဉ်နဲ့ နေရာရွှေ့ပြောင်းဖို့ အမေရိကန်အစိုးရက စီစဉ်လာတာဖြစ်ပါတယ်။ဒီကောင်စစ်ဝန်ရုံးကို ပိတ်ထားဖို့နဲ့ အမေရိကန်သံတမန်တွေအားလုံးကိုလည်း နေရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီလို့ ဆိုပါတယ်။

နေရာရွှေ့ပြောင်းဖို့ အစီအစဉ်အသေးစိတ်နဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေနဲ့ အပြီးသတ် ဆွေးနွေးညှိနှိုင်း နေတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်ကို CNN သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပြန်လည်ဖြေကြားပေးထားတာ မရှိသေးပါဘူး။

ဝူဟန်မြို့က အမေရိကန်ကောင်စစ်ဝန်ရုံးဟာ စာရင်းပေးထားတဲ့ အမေရိကန်နိုင်ငံသားတွေကို ဆက်သွယ်နေပြီး၊ သူတို့ကို လေယာဉ်နဲ့ နေရာရွှေ့ပြောင်းပေးမယ်လို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံထားရသူ တစ်စုံတစ်ယောက်ပါလာခဲ့ရင်လည်း ကုသပေးဖို့ ဆေးကုသရေးအစီအစဉ်တွေ ပါရှိမှာဖြစ်ပြီး၊ ဗိုင်းရပ်စ်ပိုးမပျံ့နှံ့အောင် ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။