သူ့နာမည်က ဘရက်ကမ်းဘဲလ်ဖြစ်သည်။ သူ့ကို အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ အိုင်အိုဝါပြည်နယ် တက္ကသိုလ်တွင် ဗုဒ္ဓဘာသာနှင့် ၀ိပဿနာအကြောင်း မသင်ယူမီက ကမ်းဘဲလ်သည် ကက်သလစ်ခရစ်ယာန်ဘာသာ ၀င်တဦးဖြစ်ခဲ့သည်။

ဘွဲ့ရပြီးနောက် သူသည် ငြိမ်းချမ်း ရေးတပ်ဖွဲ့များနှင့်အတူ မွန်ဂိုလီးယားနိုင်ငံ၌ အမှုထမ်းခဲ့သည်။ ဤတွင် ကမ်းဘဲလ်သည် တိဘက်ဗုဒ္ဓဘာသာ နှင့် ထိတွေ့ခဲ့ရသည်။

ကမ်းဘဲလ်က သူသည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည်။ ဗုဒ္ဓဘာသာသည် ဘဝ ဒဿနိကဗေဒတခုထက် ပိုမိုလေးနက်သည်။ ကက်သလစ်ဘာသာတွင် သူမြင်တွေ့ခဲ့ရသည့် အကျင့်ပျက် မှုအလားအလာနှင့် အဆောင်အယောင်အဆင်တန်ဆာများသည် ဗုဒ္ဓဘာသာတွင်မရှိဟုလည်း သူ့အနေနှင့် ယူဆပါသည်။

အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်လာသောအခါ ကမ်းဘဲလ်သည် ကျောင်းပြန်တက်သည်။ နာရိုပါတက္ကသိုလ်၏ ဘာသာရေးဆိုင်ရာဘွဲ့ဒီဂရီ အစီအစဉ်တွင် စာရင်းပေးသွင်းသည်။ တချိန်တည်းတွင် သူ၏ယုံကြည်ကိုးကွယ်မှုအသစ် ဗုဒ္ဓဘာသာကို ဆက်လက်လေ့လာလိုက်စားခဲ့သည်။ နာမည်ကျော် ဗုဒ္ဓ ဘာသာတရားဟောဆရာ ဒဇော့ချန်ပွန်လော့ရင်ပိုချီ က သူ့ကို လူဝတ်ကြောင်ဗုဒ္ဓဘာသာဥပသကာတဦး အဖြစ် ဘွဲ့အပ်နှင်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကမ်းဘဲလ်သည် ကော်လိုရာဒိုရှိနာရိုပါတက္ကသိုလ်မှ ဘာသာရေးပညာဆိုင်ရာ မာစ တာဘွဲ့ရရှိခဲ့သည်။ ယခုအခါ သူသည် အမေရိကန် လေတပ်၏ ပထမဆုံးဗုဒ္ဓဘာသာတရားဟောဆရာ အဖြစ် အမှုထမ်းနေသည်။ အမေရိကန်စစ်တပ်တွင် သူ၏ရာထူးအဆင့်မှာ စစ်ဗိုလ်လေးဖြစ်သည်။

ဗုဒ္ဓဘာသာသည် လူ့လောကီအရှုပ်အထွေး၊ လူ့ဘဝလမ်းခရီးတွင် လူတဦးတယောက်အနေဖြင့် စိတ်စွမ်းအားကြီးမားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာသင်ယူတဲ့ဘာသာရပ်ဖြစ်သည်။ ဘဝမှာငြိမ်း ငြိမ်းချမ်းချမ်း စိတ်လက်ပေါ့ပါးစွာ နေထိုင်နိုင်စေမည့် အလေ့အကျင့်ကောင်းများ ရရှိစေသည်ဟု ကမ်းဘဲလ်က သုံးသပ်သည်။ ”ဗုဒ္ဓဘာသာမှာ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်တခုရှိတယ်”ဟု သူက မှတ်ချက်ပြုသည်။

”ဒါပေမဲ့ လူတွေ ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်နားလည်နိုင်စေဖို့အတွက် ဒီစိတ်ပိုင်းဆိုင်ရာ ရှုထောင့်ဆိုတဲ့ ဝေါဟာရကို ဖော်ပြရတာဖြစ်ပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။ကမ်းဘဲလ်သည် နာရိုပါတက္ကသိုလ်တွင် ကျောင်းသားတဦးအဖြစ် ကျောင်းတက်တုန်းမှာပဲ ဗုဒ္ဓ ဓမ္မနှင့်ပတ်သက်ပြီး ဟောပြောမှုကို စတင်ခဲ့သည်။

အနီးအနားရှိ ဒင်ဗာစစ်မှုထမ်းဟောင်းဆေးရုံတွင် စိတ် ဝေဒနာရှင်များကို မေတ္တာတရား၊ ၀ိပဿနာကျင့်စဉ်တို့နှင့်ပတ်သက်ပြီး ဟောပြောပို့ချပေးသည်။ အရာရှိ သင်တန်းဆင်းပြီးနောက် ဒင်ဗာမြို့ဆင်ခြေဖုံး၊ အော်ရို ရာရှိ ဘတ်ကလေ လေတပ်အခြေစိုက်စခန်းသို့ ပြောင်းရွှေ့အမှုထမ်းသည်။ သူသည် လေတပ်အမှုထမ်း အားလုံးအတွက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ များတွင် ဗုဒ္ဓဘာသာသင်တန်းများ ဖွင့်လှစ်ပေးသည်။ အမှုထမ်းများအနေနှင့် သူ့သင်တန်းများကို ကြုံလျှင် ကြံုသလို တက်ရောက်နားထောင်နိုင်ကြသည်။

သူသည် ၀ိပဿနာသင်တန်းများ၊ ဓမ္မနှင့်ပတ်သက်သော ဟောပြောပွဲများ ဆွေးနွေးပွဲများကို အပတ်စဉ် စတင်ခဲ့သည်။

ဗုဒ္ဓဘာသာတို့၏ ဘဝတန်ဖိုးများနှင့် စစ်မှုထမ်း ဘဝအကြား အတွေးအခေါ်အယူအဆအရ ဆန့်ကျင် ဘက်ဖြစ်မနေဘူးလားဆိုသည့် မေးခွန်းကို ကမ်းဘဲလ်က ”ဒါဟာ အရမ်းကောင်းတဲ့မေးခွန်းတခုပဲ။ အရင် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတော့ကို အခက်အခဲတွေ့ခဲ့ရတယ်။ စစ်ဘက်တရားဟောဆရာ တဦးအနေနဲ့ ကျွန်တော်သည် တိုက်ခိုက်ရေးသမားတဦး မဟုတ်ဘူး။ လက်နက် လုံးဝကိုင်ဆောင်ခွင့်မရှိဘူး။ လက်နက်ကိုင်ဆောင်တာ တွေ့မြင်ရရင် ကျွန်တော် အမှုထမ်းဘဝမှ ထုတ်ပယ်ခံရနိုင်တယ်။ ဒါဟာ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ အစိတ်အပိုင်းဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ”ကျွန်တော့ရည်မှန်းချက်က လေတပ်သားတွေ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်စေ ဖို့ဖြစ်တယ်။ အပြန်အလှန်အားဖြင့် တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘဝမှာ ကြံုတွေ့နေရတဲ့ဒုက္ခများမှ ဘက်စုံ သက်သာရာရသွားစေဖို့ ဖြစ်ပါတယ်။ သူတို့တွေ စစ်တပ်ထဲကထွက်သွားတဲ့အချိန်မှာလည်း လူ့အဖွဲ့အစည်းတွင် ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်ကြမယ်။ လူတဦးချင်းအနေနဲ့လည်း ပျော်ရွှင်ကျန်းမာကြမှာဖြစ်တယ်”ဟု ရှင်းပြသည်။

မိမိအမှုထမ်းနေသည့် ပတ်ဝန်းကျင်ရှိလူများကို တိုက်ရိုက်ကူညီခြင်းအပြင် ကမ်းဘဲလ်က သူ့အနေနှင့် ဒီကနေ့ ကမ္ဘာကြီးတွင် တွေ့မြင်နေရသည့် ဆန့်ကျင် ဘက်အစွန်းနှစ်ရပ် ဘက်နှစ်ဘက်ကွဲနေသည့်အခြေအနေသို့ ရောက်ရှိခြင်းကို လျှော့ချရေး ကူညီဖို့မျှော်လင့်ကြောင်း ပြောကြားသည်။

သူတပါးကို အပြစ်ဖို့မည့်အစား မိမိအတွင်းစိတ်ကိုပြန်ကြည့်ရန် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရဲ့ ဓမ္မများက နည်းလမ်းများအဖြစ် တည်ရှိနေသည်ဟု ရှုမြင်ပါကြောင်း ပြောသည်။

တရားဟောဆရာတဦးအဖြစ် လုပ်ကိုင်ရတဲ့ အတွေ့အကြံုအရ ကျွနု်ပ်တို့သည် ဒုက္ခကို ကုစားဖို့ ဒုက္ခကိုရင်ဆိုင်ကြရမှာ ဖြစ်တယ်။ ရုပ်မြင်သံကြားအပေါ် အချိန်ကုန်နေခြင်း၊ လွန်ကျူးစွာအရက်သောက်စား ခြင်း၊ သို့မဟုတ် ကျွနု်ပ်တို့ ခံစားချက်ကို အနှောင့်အယှက်မပေးနိုင်အောင် အခြားနည်းလမ်းတခုခုကို အသုံးချလျက် နာကျင်မှုမှ ထွက်ပြေးရန် အချိန်ကုန်ဆုံးနေလျှင် ကျွနု်ပ်တို့သည် ဘယ်တော့မှ ဘဝ၏အခက် အခဲများကို ကုစားနိုင်မည်မဟုတ်ပါ”ဟု ဘရက်ကမ်းဘဲလ်က
ပြောကြားခဲ့သည်။

S.M , Ref : (Global Buddhist door)