အမေရိကန်တို့အနေနဲ့ Island-Class ကင်းလှည့်ရေယာဉ် ၂ စီးကို ယူကရိန်းတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ နောက်ထပ် ၃ စီးကိုလည်း ဆက်လက်လွှဲပြောင်းပေးအပ်သွားဖို့ လျာထားချက်များ ပြုလုပ်ထားရှိပါတယ်။ ယူကရိန်းရဲ့ ရေကြောင်းအင်အားစု ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး တစ်ဖက်ကကြည့်မယ်ဆိုရင် ရုရှားကြောင့်ဆိုတာလည်း ပေါ်လွင်နေပါတယ်။

အခု လွှဲပြောင်းပေးအပ်လိုက်တဲ့ ရေယာဉ် ၂ စီးဟာ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကဖြစ်ပြီး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယူကရိန်းနိုင်ငံ၊ အော်ဒက်ဆာ ဆိပ်ကမ်းမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းက ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ် Island-Class Patrol Boats ၃ စီးကို နောင်လာမဲ့အနာဂတ်ကာလမှာ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ အမေရိကန်တို့အနေနဲ့ ယူကရိန်းကို ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေ ထောက်ပံ့ပေးအပ်လာတာ ၂၀၁၄ ခုနှစ်ကတည်းကဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံလောက် ရှိနေပြီဖြစ်ပါတယ်။

Island-Class မှာ တပ်ဆင်ထားတဲ့လက်နက်တွေအနေနဲ့ automatic Mk 38 Mod 0 Bushmaster 25mm စက်သေနတ် ၁ လက်၊ 12.7mm Machine Guns ၂ လက်နဲ့ ရေကြောင်းလမ်းညွှန်ဆိုင်ရာ ရေဒါတို့ တပ်ဆင်ထားရှိပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ပင်လယ်နက်ဒေသတစ်ခွင်မှာ ရေကြောင်းအင်အား တောင့်တင်းခိုင်မာစေရေး ဆောင်ရွက်လျက်ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ stripes.com အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပြီး မူရင်းသတင်းပြုစုသူများနဲ့ မူရင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြုစုသူများကို အသိအမှတ်ပြုပါတယ်။ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။