နိုင်ငံအတွင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကုန်ကျစားရိတ်အတွက်‌ ဆော်ဒီဟာ အမေရိကန်ကို ကန်ဒေါ်လာ သန်း ၅၀၀ နီးပါးလောက် ပေးထားတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ လွှဲပေးခဲ့တာပါ။ အမေရိကန်က ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီသတင်းကို အတည်မပြုခဲ့ပါဘူး။ ပြီးခဲ့တဲ့တစ်ပတ် Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီဟာ ကန်ဒေါ်လာ ၁ ဘီလီယံလောက်ကို ဘဏ်မှာ စပေါ်တင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်စားရိတ်ကို ဆော်ဒီက ပေးချေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲတုန်းက ဆော်ဒီ၊ ကူဝိတ်နဲ့ အခြား ပင်လယ်ကွေ့နိုင်ငံတွေဟာ စစ်စားရိတ် ကန်ဒေါ်လာ ၃၆ ဘီလီယံ ပေးချေခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလက ဆော်ဒီမှာရှိတဲ့ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရပြီးနာက်ပိုင်း မြင့်တက်လာတဲ့ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ဟာ ဆော်ဒီမှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ဒုံးခွင်းစနစ်တွေနဲ့ တိုက်လေယာဉ်တွေကို ချထားပါတယ်။ ဒီချထားမှုအတွက် ကုန်ကျစားရိတ်တွေကို ဆော်ဒီက ပေးချေရမှာ ဖြစ်ပါတယ်။

ဒီအတွက်‌ အမေရိကန်နဲ့ ဆော်ဒီတာဝန်ရှိသူတွေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကကစတင်ပြီး ယီမင်က ဟူသီသူပုန်တွေကို ဆော်ဒီတိုက်လေယာဉ်တွေက တိုက်ခိုက်ရာမှာ လေကြောင်းကနေ ဆီဖြည့်ပေးမှု ကုန်ကျစားရိတ်အတွက်လည်း ဆော်ဒီက အမေရိကန်ကို အနိမ့်ဆုံး ဒေါ်လာ ၃၃၁ သန်း သီးသန့်ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: CNN