ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၅ ရက်က ရုရှားသမ္မတပူတင်ဟာ နှစ်ပတ်လည်နိုင်ငံအခြေပြမိန့်ခွန်းပြောကြားရာမှာ ရုရှားနိုင်ငံရေးကို အကြီးအကျယ်အပြောင်းအလဲပြုလုပ်မယ့်အချက်တွေ ထည့်သွင်း
ပြောကြားသွားခဲ့ပါတယ်။

အဓိကအချက်ကတော့ ၀န်ကြီးချုပ်ခန့်အပ်နိုင်တဲ့အခွင့်အာဏာကို အရင်က သမ္မတကိုပေးထားခဲ့ရာကနေအောက်လွှတ်တော်ဖြစ်တဲ့ ဒူးမားကိုလွှဲပြောင်းပေးဖို့ကိစ္စ၊ပြည်နယ်နဲ့ ဒေသခံအုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာထည့်သွင်းပြီး အခွင့်အာဏာတွေတိုးမြှင့်ပေးဖို့ကိစ္စ သမ္မတသက်တမ်းနှစ်ဆက်ပဲ ထမ်းဆောင်ခွင့်ကန့်သတ်ချက်ဖြုတ်ပယ်ဖို့ သင့်၊ မသင့်ကိစ္စတွေကို လူထုဆန္ဒခံယူမှုပြုလုပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်သွားမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ဒီမိန့်ခွန်းပြောပြီး ၃ နာရီအကြာမှာဝန်ကြီးချုပ်မက်ဗီဒက်ဦးဆောင်တဲ့ ရုရှားအစိုးရက သမ္မတအဆိုပြုတဲ့ အစိုးရအာဏာပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေနဲ့ လိုက်လျောညီထွေရှိစေဖို့ ပြင်ဆင်တဲ့အနေနဲ့ဆိုပြီးတော့အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ခွင့်တင်သွင်းခဲ့ပါတယ်။ သမ္မတပူတင်ကလည်း နုတ်ထွက်ခွင့်ကိုလက်ခံခဲ့ပြီး အစိုးရသစ်မဖွဲ့စည်းနိုင်ခင်မှာ ကြားဖြတ်အစိုးရအဖြစ်တာဝန်ယူပေးဖို့ မက်ဗီဒက်ကိုပန်ကြားခဲ့ပါတယ်။

၀န်ကြီးချုပ်အသစ်အဖြစ် လုပ်ရည်ကိုင်ရည်ရှိတဲ့ အခွန်ဌာနအကြီးအကဲ မီခေးမီရှူစတင်ကို အစားထိုးရွေးချယ်လိုက်ပြီး မက်ဗီဒက်ကိုတော့ ပူတင်ခေါင်းဆောင်တဲ့နိုင်ငံတော်လုံခြုံရေးကောင်စီမှာ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။လေ့လာသူတွေအကြားမှာတော့ ဒီလုပ်ရပ်တွေဟာပူတင်အနေနဲ့ သမ္မတအဖြစ်နဲ့ နိုင်ငံရေးအာဏာကို သက်ဆုံးတိုင်ဆုပ်ကိုင်သွားဖို့ လုပ်ဆောင်တာလား၊ တဖြည်းဖြည်း လူမြင်ကွင်းကထွက်ခွာပြီး နောက်ကွယ်ကနေအာဏာကိုချုပ်ကိုင်ထားဖို့ ခွာစစ်စပြီးဆင်နွှဲတာလားဆိုတာအငြင်းပွားနေကြတာ တွေ့ပါတယ်။

ကျွန်တော့အမြင်ကတော့ ပူတင်အနေနဲ့ ကမ္ဘာ့အခြေအနေနဲ့ ပြည်သူလူထုရဲ့ တန်ပြန်မှုအပေါ်မူတည်ပြီး တက်သာဆုတ်သာအောင် လမ်းကြောင်းတွေဖွင့်ထားတယ်လို့ထင်ပါတယ်။ အခုအနေအထားအရ ရုရှားမှာ ပူတင်ဟာ နိုင်ငံပုံရိပ်ကိုမြှင့်တင်ခဲ့တဲ့ အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် လူထုက နှစ်သက်လက်ခံထားကြပြီးတော့ သူ့ကိုယှဉ်နိုင်မယ့်လူပုဂ္ဂိုလ်မျိုး အတိုက်အခံမှာရော အစိုးရထံမှာပါ ပေါ်ထွက်မလာသေးပါဘူး။

ဒါပေမယ့် ထမင်းဆိုတာ စားကောင်းတိုင်း အတိုင်းအဆမရှိဆက်စားနေရင် စားပိုးနင့်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်တတ်သလို နောင်မှာ အဲဒီထမင်းဟင်းကို အနံ့တောင်မခံချင်လောက်အောင် ငြီးငွေ့သွားတတ်ပါတယ်။ ဒါကြောင့် ထမင်းဆိုတာ စားကောင်းတုန်းမှာရပ်ရတယ်လို့မလေးရှားဝန်ကြီးချုပ် မဟာသီရာမိုဟာမက်က အရင်တစ်ခါအနားမယူမီက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်သူလည်း တစ်ခါကသူရပ်ခဲ့တဲ့ ထမင်းပွဲကို အသက်၉၀ ကျော်မှ အခြေအနေအရ ပြန်စားနေရတာကတော့တစ်ပိုင်းပေါ့လေ။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးမှာ နိုင်ငံရေးပင်ပန်းနွမ်းနယ်ခြင်းဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ဦးတစ်ယောက်၊ ပါတီတစ်စုတစ်ဖွဲ့၊ မူဝါဒတစ်ခု၊ မျိုးဆက်တစ်ခုတည်းက နိုင်ငံကိုအုပ်ချုပ်တာကြာသွားရင် ပြည်သူတွေက ငြီးငွေ့စိတ်ကုန်လာတတ်ကြတယ်။

သီချင်းတစ်ပုဒ်တည်း ထပ်တလဲလဲနားထောင်ရတာ ကြာလာရင်ဘယ်လောက်ကြိုက်ကြိုက် ငြီးငွေ့လာသလိုမျိုးပါပဲ။ဒီတော့ လိမ်မာပါးနပ်တဲ့ပူတင်အနေနဲ့ ပုထုဇဉ်သဘာဝအရ အာဏာကိုမစွန့်ချင်ပေမယ့် နောက်ကွယ်ကနေပြီးတော့ပဲ နိုင်ငံရဲ့အရေးကိစ္စတွေကို ကြိုးကိုင်နိုင်အောင်နိုင်ငံတော်ကောင်စီဥက္ကဋ္ဌရာထူးကို ဆက်ယူထားပြီးလုပ်ကိုင်နိုင်တယ်လို့လည်း ရှုမြင်ရပါတယ်။

ပိုပြီးသေချာအောင် နိုင်ငံတော်လုံခြံုရေးကောင်စီဥက္ကဋ္ဌရာထူးကိုလည်း ယူကောင်းယူထားနိုင်ပါတယ်။ ဒါကလည်းတစ်ချိန်တုန်းက တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်လုပ်ခဲ့သလို နိုင်ငံရေးရာထူးမယူဘဲနဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရာထူးနဲ့ပဲ တရုတ်နိုင်ငံကို ထိန်းသွားသလိုပါပဲ။ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုကတော့ ှ Senior Minister ၀ါရင့်ဝန်ကြီး၊ Minister Mentor နိုင်ငံကိုစောင့်ရှောက်သူအကြီးတော်ဝန်ကြီးဆိုတဲ့ ရာထူးတွေနဲ့ ကြီးတဲ့အထိ လုပ်ကိုင်သွားခဲ့တာဖြစ်ပါတယ်။

အဲလိုအပေါ်ကနေချုပ်ကိုင်ရာမှာ အောက်က State အင်စတီကျူးရှင်း နိုင်ငံတော်အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေရဲ့ အင်အားသြဇာကိုထိန်းညှိပေးရမှာဖြစ်ပါတယ်။ အရင်ပုံစံလို သမ္မတလက်ထဲ အာဏာတွေအများကြီးအပ်ထားလို့မဖြစ်ဘူး။ဒါကြောင့် ဒူးမားအောက်လွှတ်တော်ကို အာဏာတိုးမြှင့်ပေးပြီး ၀န်ကြီးချုပ်ခန့်အပ်ခွင့်ပေးလိုက်တာလို့ထင်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ခေတ်သစ်ရုရှားနိုင်ငံရဲ့ ကမ္ဘာ့အင်အားကြီးအဖြစ်နဲ့ နိုင်ငံတကာရေးရာတွေမှာ ပါ၀င်လှုပ်ရှားတဲ့အခါ ရှေးရိုးသရုပ်မှန်ဝါဒအသစ် Neoclassical Realism အရ ပူတင်လို ၀ါရင့်ကမ္ဘာ့နာမည်ကြီးပုဂ္ဂိုလ်ရဲ့ခေါင်းဆောင်မှုကလိုအပ်ပါတယ်။ ဒါကြောင့်၂၀၂၄ ခုနှစ်မှာ ပူတင်ရဲ့ ဒုတိယသက်တမ်းကုန်ပေမယ့်လိုရင်ဆက်လုပ်လို့ရအောင် သမ္မတသက်တမ်းနှစ်ဆက်ကျော်လွန်ခွင့်ကိုလည်း ဖန်တီးထားတာလို့မြင်ပါတယ်။

လက်ရှိမှာ ပုံရိပ်ကျဆင်းနေတဲ့ ၀န်ကြီးချုပ်မက်ဗီဒက်ကိုတော့ အရေးပါတဲ့နိုင်ငံတော်လုံခြံုရေးကောင်စီမှာဒုဥက္ကဋ္ဌပေးကာချွေးသိပ်ပြီး လူမြင်ကွင်းကနေ အနားပေးလိုက်တယ်လို့ယူဆပါတယ်။ သူ့နေရာမှာ အစားထိုးလိုက်တဲ့ မီရှူစတင်ကတော့ အစွမ်းအစရှိတဲ့ လူတော်တစ်ယောက်ဖြစ်ပြီး လူသိနည်းသေးပေမယ့် အရင်ကနာမည်ပျက်လှတဲ့ အခွန်ဌာနကြီးကို အောင်မြင်စွာပြုပြင်ပြောင်းလဲနိုင်ခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာတော့ရုရှားမှာ လူမှုစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများတွေ့မြင်ရလိမ့်မယ်လို့မျှော်လင့်ရပြီး လုံခြံုရေး၊ကာကွယ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေကိုတော့ပူတင်ကိုယ်တိုင်ပဲ ဖိဖိစီးစီးကိုင်တွယ်သွားမယ်လို့ မှန်းဆရပါတယ်။

ရုရှားရဲ့ အဓိကအားနည်းချက်ကတော့ ပူတင်ပြီးရင် ဘယ်သူဆက်ခံမလဲဆိုတဲ့ကိစ္စပါ။ တောအုပ်ထဲကသစ်ပင်တွေလိုပဲ နိုင်ငံမှာ ခေါင်းဆောင်တစ်ဦးတစ်ယောက်က သိပ်သြဇာကြီးနေပြီဆိုရင် ကျန်တဲ့သူတွေကလောင်းရိပ်မိနေတတ်ပါတယ်။ တိရစ္ဆာန်အုပ်တွေဆိုရင်တော့ အုပ်စုခေါင်းဆောင်က သူ့ကိုခွာရာတိုင်းလာမယ့်နောက်ပေါက်တွေကို ကြိုပြီးနှိမ်နင်းထားတာမျိုးလည်းရှိတတ်ပါတယ်။

ရုရှားနိုင်ငံမှာလည်း ပူတင်ရဲ့ခြေရာကိုနင်းနိုင်မယ့်ဆက်ခံသူ လောက်လောက်လားလားမတွေ့ရသေးသလို၊ တရုတ်နိုင်ငံမှာ ကျင့်သုံးတဲ့ စုပေါင်းခေါင်းဆောင်မှုစနစ်မျိုးနဲ့ ဆက်ခံသူတွေကို ကာလကြာရှည်စောင့်ကြည့်ရွေးချယ် လေ့ကျင့်ပျိုးထောင်ပေးတဲ့စနစ်မျိုးလည်း မတွေ့ရတာကြောင့် ပူတင်နောက်ပိုင်းကာလဆက်ခံသူ ဘယ်သူဖြစ်လာနိုင်မလဲဆိုတာဟာ စိတ်ဝင်စားစရာမေးခွန်းပုစ္ဆာတစ်ခုဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။