ကနဦး ပြောချင်တာက ယခု ဆောင်းပါး ရေး ဖြစ်ရတဲ့ အကြောင်းပါ။ လွှတ်တော်အမတ်တယောက်က သူ့ရဲ့ လူမှုကွန်ယက်မှာ အိုးအိမ်က ကြေညာတဲ့တိုက်ခန်းရောင်းချပေးမယ့် ကြေညာချက်ကို တင်လိုက်ပါတယ်။

ပို့စ်အောက်မှာ ဘဏ်မှာ ငွေသွင်းဖို့ အကောင့်ဖွင့်ဖို့ဘဏ်ဘယ်နေရာမှာ ရှိမှန်းမသိတာ၊ ဝယ်တဲ့ အခါဘယ်လို စပြီး လုပ်ရမယ် မသိတာတွေ မေးထားတာ ဖတ်မိပါတယ်။ တဆက်ထဲ ကိုယ်တိုင် သွားရောက်စဉ်က အိုးအိမ်နဲ့ ဘဏ်က ဝန်ထမ်းတွေရှင်းပြတာကိုပဲ နားမလည် မရှင်းလင်းတဲ့ အတွက်အနားလာကပ်မေးကြသူအချို့နဲ့ ဆုံခဲ့ရဖူး ကြုံခဲ့ရတာ သတိရမိတဲ့အတွက် သိသမျှ အချက်အလက်အချို့နဲ့ ကိုယ်တိုင်ဝယ်ခဲ့စဉ် ပြုလုပ်ခဲ့ရတဲ့ အဆင့်ဆင့်ကို အများ သိစေလိုတာကြောင့် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကိုယ်တိုင်ဝယ်ယူဖို့ စသိတာက သတင်းမှာ ဖတ်မိတာပါ။ အဲဒီနောက် ဘယ်လို စတင်ရမယ် မသိလို့ဖေ့စ်ဘွတ်စာမျက်နှာမှာ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD Sale Housing အရင်ခေတ်အခေါ်အိုးအိမ်နဲ့ ဆောက်လုပ်ရေး အိမ်ယာနဲ့အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးဘဏ် CHIDဘဏ်ရဲ့ ပေ့ချ်တွေ ရှာပြီး like လုပ် ထားလိုက်ပါတယ်။ အိုးအိမ်လို့ နှုတ်ကျိုးဆဲ မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ရှိပါတယ်။ ဘတ်စ်ကားဖြင့် သွားပါကမှတ်တိုင်နာမည်က အိုးအိမ် မှတ်တိုင် ပါ။ မှတ်တိုင်က ဆင်းတာနဲ့ မျက်နှာချင်းဆိုင် တည့်တည့် အဆောက်အအုံ ဖြစ်ပါတယ်။ လိပ်စာအတိအကျကတော့ အမှတ် (၂၂၈/ ၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ ဆောက်လုပ်ရေး အိမ်ယာနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးဘဏ် ( ဗိုလ်တထောင်ဘဏ်ခွဲ)CHID bank က အဆိုပါ အဆောက်အအုံမှာ တဆက်ထဲ ရှိပါတယ်။ နောက်ပိုင်းမှာ ဘဏ်ခွဲတွေ ထပ်ဖွင့်ပြီမို့ မိမိနေထိုင်ရာ မြို့နယ်မှာ ဘဏ်ခွဲရှိမရှိ CHID ပေ့ချ်မှာ ရှာလို့ ရပါတယ်။

ရောင်းချမယ့် စီမံကိန်းတွေကတော့ ရန်ကုန်တိုင်းဒေသအတွင်းမှာရှိတဲ့ လှိုင်သာယာ ၊ ရွှေပြည်သာ၊ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)သန်လျင်-ကျောက်တန်း မြို့နယ်တို့ပဲ ဖြစ်ပါတယ်။အကျယ်အဝန်းနဲ့တန်ဘိုးက အသီးသီး ရှိပြီး မိမိ ဝယ်ယူလိုတဲ့ တန်ဘိုးကို အဆိုပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ လှိုင်သာယာရွှေလင်ဗန်း ကျန်စစ်မင်း၊ထီးလှိုင်ရှင်၊ဒဂုံဆိပ်ကမ်း ယုဇနအပိုင်း၁၊ ၂၊ ကနောင်၊ ရိုးမ၊ သန်လျင် သီလဝါစတဲ့ တန်ဘိုးနည်း တိုက်ခန်းတွေကိုအိုးအိမ်နဲ့ မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရကနေဆက်သွယ် ဝယ်ယူလို့ ရပါသေးတယ်။ အဲဒါကလုပ်ထုံး လုပ်နည်း တမျိုးပါ၊ကိုယ်တိုင် ထဲထဲ ဝင်ဝင် မသိတာမို့ အဲဒါတော့ မရေးတော့ပါဘူး။

ပထမဆုံး စတင်ရောင်းတဲ့ အခေါက်က စုဆောင်းငွေ ပြည့်မီ ပေမယ့် ဖေ့စ်ဘွတ်ကို မကြည့်မိလို့လွတ်သွားပေမယ့် ရသွားသူတွေကို ဘယ်လိုအသိပေးနေသလဲ စောင့်ဖတ်မိရပါတယ်။ CHIDဘဏ်မှာ ငွေ သိန်း ၃၀ ပြည့်ပြီ ဆိုတာနဲ့ တိုက်ခန်းဝယ်ခွင့် ရပါပြီ။ ဘဏ်အကောင့်ထဲ သိန်း ၃၀ နဲ့စဖွင့်နိုင်သလို မိမိ တတ်နိုင်တဲ့ ငွေပမာဏ နဲ့ပဲစတင် ဖွင့်လို့ ရပါတယ်။ သိန်း၃၀ မပြည့်မီ ရင်တော့ ဝယ်ခွင့်မရသေးပါဘူး။ တိုက်ခန်း တန်ဘိုးတွေက အစားစားမို့ down payment ကနဦး ပေးသွင်းငွေ က မိမိဝယ်ယူမယ့် တိုက်ခန်းတန်ဘိုးရဲ့၃၀% ပေးရမှာမို့ သိန်း ၃၀ပြည့်အောင်သွင်းရတာပါ။

မိမိမဲပေါက်တဲ့ တိုက်ခန်းက သိန်းတစ်ရာအထက်ဆိုပါက လိုအပ်တဲ့ ငွေကို မဲနှိုက်ပြီးတဲ့အခါ ထပ်ဖြည့်ပေးရပါမယ်။ အဲဒီအဆင့်မှာ မဝယ်ဘဲ ငြင်းပယ်ခွင့်လည်း ရှိပါတယ်။ မိမိငွေ မဆုံးပါဘူး၊ပေါက်တဲ့ တိုက်ခန်း အထပ်မကြိုက်တာနဲ့ အပိုင်းမကြိုက်တာဆိုက မဲပေါက်သူ အချင်းချင်း တာဝန်ရှိသူတွေထံ သွားရောက် ပြောဆို လဲလှယ်ခွင့်ရှိသလို မဝယ်သေးဘဲ နောက်တစ်ကြိမ် ရောင်းတဲ့အခါ ပြန်ပြီးမဲနှိုက်လို့ အခွင့်ရပါသေးတယ်။

(အိုးအိမ်ဦးစီးဌာန) မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ CHID ဘဏ်တို့ဟာ လုပ်ထုံးလုပ်နည်းတွေကို သူတို့ဘာသာ ချိတ်ဆက်လုပ်ပေးသွားပြီးဝယ်ယူလိုသူက သူတို့ သတင်းထုတ်ပြန်တဲ့အတိုင်း အချိန်ကိုက် လိုက်လုပ်ရုံပါ။ အခု ရက်ပိုင်း မှာ ကြေညာသလို ရောင်းချတော့မှာ ဖြစ်ပါတယ် ကြေငြာလိုက်က အိုးအိမ်မှာ ဝယ်ယူမယ့်အကြောင်း အမည်စာရင်း သွားပေးရပါတယ်။ဒါကပထမဆုံး အဆင့်ပါ။ သိန်း ၃၀ ပြည့်တဲ့ သူတိုင်းကို ဝယ်သူလို့ မသတ်မှတ်ပါဘူး၊ တကြိမ်နဲ့တကြိမ် ဆောင်ရွက်လာတာ ပိုပြီး တိုးတက် မြဆန်လာတယ် ပြောရပါမယ်။ ပထမဆုံးအကြိမ်
ရောင်းချစဉ်က ဘယ်နေ့ဘယ်ရက်အထိသိန်း၃၀ပြည့်သူများဆိုပြီး နာမည် အတိအကျ အကောင့်ဖွင့်တဲ့နေ့ပါ စာရင်းထုတ်ပါတယ်။နောက်တကြိမ်မှာ လူစာရင်း မထုတ်တော့ပဲ သိန်း ၃၀ ပြည့်မီသူများ တိုက်ခန်းအရစ်ကျဝယ်ယူလိုက အိုးအိမ်မှာစာရင်းလာပေးပါ ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာနဲ့ရုံးက ကြော်ငြာဘုတ်မှာ ကြေညာပါတယ်။

အိုးအိမ်ရုံးကို သန်းခေါင်းစာရင်း၊ မှတ်ပုံတင် ယူသွားပြီး ဒီအသုတ် အရောင်းမှာ ဝယ်ချင်ပါတယ် စာရင်းသွင်းရပါတယ်။ရောင်းချတဲ့ မြို့နယ်တွေက ဆိုတော့ မိမိဝယ်လိုတဲ့ မြို့နယ်အလိုက်သတ်မှတ်ထားတဲ့ နေရာမှာ ဝန်ထမ်းက လက်ခံပေးပါတယ်။ တခါထဲ ပြောလိုက်ပါတယ်ဘယ်ရက်မှာဖြင့် ကြေငြာပါမယ်၊ သူတို့ ပြောတဲ့ ရက်မှာ ဖေ့စ်ဘွတ်နဲ့ မြို့ပြနဲ့အိမ်ယာဖဖြိုးရေး ဦးစီးဌာန အဆောက်အဦမှာ စာရင်းလာပေးတဲ့သူ ဘယ်သူတွေဆိုပြီး ထုတ်ပြန်ပေးပါတယ်။ တဆက်ထဲ ဒီစာရင်းမှာပါတဲ့ လူတွေဟာ မဲနှိုက်ပါမယ်ဆိုတဲ့ အကြောင်း နောက်တကြိမ် စာရင်း ထပ်သွင်းရပါတယ်။နှစ်ပတ်ခန့် အကြာ ဘယ်နေ့ ဘယ်ရက်မှာ မဲနှိုက်ရမယ်ဆိုတာ နေ့ရက် အချိန် နေရာ တိတိကျကျ ကြေငြာပေးပါတယ်။ မဲနှိုက်ရာမှာကာယကံရှင် မအားလည်း ကိုယ်စားနှိုက်ယူနိုင်ကြောင်း တဆက်ထဲ အသိပေးပါတယ်။ဒါတွေကို ခြုံကြည့်ရင် တိုက်ခန်း ဝယ်မယ်လို့ စတင်ကတည်းက သူတို့ ထုတ်ပြန်တဲ့ကြေငြာချက်တွေကို သတိထားပြီး စောင့်ဖတ်နေသင့်တယ်ဆိုတာ သိကြရမှာပါ။ တခါက ဘဏ်မှာကြုံရတာ သူ့မှာ သိန်း၃၀ ပြည့်နေတာ ၂၀၁၉ ခုနှစ် မတ်လကတည်းက ၊ ဘယ်သူမှ ဘာမှမပြောလာလို့ ဘာမှ မသိဘူး ဆိုပါတယ်၊ သူ့ကို ရှင်းပြရင်း အိုးအိမ်ရော ဘဏ်ရောရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ ရှာပေး တခါထဲ like လုပ်ခိုင်းလိုက်ပါတယ်၊ ဒီတော့မှသူလည်း သဘောပေါက်သွားပါတော့တယ်။ အများအထင်က သိန်း၃၀ပြည့်လို့ ဝယ်ခွင့်ရပြီဆိုကအိုးအိမ်သို့မဟုတ် ဘဏ်ကနေ ဖုန်းဆက် အကြောင်းကြားလိမ့်မယ်လို့ ထင်နေကြတာပါ။

မဲနှိုက်တာလည်း သူ့ရက်နဲ့သူပါ၊ ကျန်စစ်သားအိမ်ယာက ဘယ်ရက် ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း ယုဇနအိမ်ယာ အပိုင်း ၁နဲ့ ၂ က ဘယ်ရက်သတ်သတ်စီပါ။ မဲနှိုက်ပြီးတဲ့ အခါ ဝန်ထမ်းတွေက တခါထဲဘယ်လို ဆက်လုပ်ရမယ်ဆိုတာရှင်းပြပါတယ်၊ ဝန်ထမ်းက နှစ်ပိုင်းပါ၊ (အိုးအိမ်) မြို့ပြနဲ့အိမ်ယာဖဖြိုးရေး ဦးစီးဌာနဝန်ထမ်းနဲ့ ဘဏ်ဝန်ထမ်းတွေပါ၊ မဲမနှိုက်ခင်ခန်းမထဲမှာ လူစုထားပြီကတည်းက သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက လုပ်ထုံးလုပ်နည်းတွေပြောပြပါတယ်။ သူတို့ ပေးလိုက်တဲ့ စာရွက်မှာ ဘယ်အိမ်ယာ ဘယ်အထပ် ဘယ်အခန်းတန်ဘိုး ဘယ်လောက်ဆိုတာ အကုန် ရေးထားပြီးသားပါ။အဆိုပြုထားတဲ့ အခန်းတန်ဘိုးထက် ပိုများတဲ့ အခန်းရကမဲပေါက်ပြီး တပတ်အတွင်း လိုအပ်တဲ့ငွေကို ထပ်သွင်းရပါတယ်။ မီးအာမခံရယ်၊အခွန်ရယ် ထပ်ဆောင်း သွင်းပေးရပါတယ်။ CHID ဘဏ်မှာ ရှိတဲ့ မိမိပိုင်ငွေကိုထုတ်ယူ၊ current အကောင့် ထပ်ဖွင့်၊ အကောင့်ဖွင့်တာကို ဘဏ်ဝန်ထမ်းတွေက အစအဆုံးလုပ်ပေးပါတယ်၊ စားပွဲတခုထဲမှာ ထုတ်တာရော သွင်းတာရော လုပ်လိုက်ရုံပါ။ ငွေကိုဒီကနေ ဟိုဘက် လက်ကလေးနဲ့ တွန်းပေးလိုက်ရုံပါ။ ဒါဆို ပြီးပါပြီ။ အဲလိုငွေသွင်းပြီးတာနဲ့ ချေးငွေဖောင်ကို ဖြည့်ပေးရပါတယ်။ ဝန်ထမ်းဖြစ်ပါကလစာနှုန်းထား၊ အခွန်စာအုပ်၊ အထက်အရာရှိ ထောက်ခံစာ၊ကုမ္မဏီဝန်ထမ်းဖြစ်ပါကအထက်လူကြီး ထောက်ခံစာ၊ ဝန်ထမ်းကဒ် မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ ၊ရဲစခန်းထောက်ခံစာ ၊ သန်ခေါင်စာရင်းမိတ္တူ ၊ ဓါတ်ပုံ စသဖြင့် လိုအပ်တာတွေတောင်းပြီး တင်ရပါတယ်။ဝန်ထမ်းမဟုတ်လည်းပဲ မိမိရဲ့ လစဉ် ဝင်ငွေကိုအခိုင်အမာပြနိုင်ရင် ဝယ်လို့ရပါတယ်။တခါက တက္ကစီမောင်းတဲ့သူ အဲလိပဲဝယ်ခွင့်ရပါတယ်၊ ကိုယ်တိုင် ဝင်ငွေ မရှိသော်ငြား မိမိသန်းခေါင်စာရင်းမှာအတူရှိတဲ့ သား သမီး မြေး တူ တူမ ဝင်ငွေရှိက သူတို့ ဝင်ငွေပြပြီး ဝယ်လို့ရပါတယ်။

အားလုံး ပြည့်စုံလို့ ချေးငွေဌာနက လက်ခံလိုက်ပြီး ဘဏ်နဲ့ စာချူပ်ချုပ်ဖို့ သူတို့ ဖုန်းဆက်မယ် ပြောပါမယ်။ ဖုန်းနဲ့စပြီးဆက်သွယ်တာ အဲဒီအချိန်မှပါ။ ဘဏ်ကနေ ချေးငွေ ပေးဖို့ အတွက် ရုံးချူပ်ကိုပို့ထားပြီး အထောက်အထားခိုင်မာပြီး အရစ်ကျ ဝယ်ယူဖို့ ဝင်ငွေ လုံလောက်ပါတယ်ဆိုကစာချူပ်ချုပ်ဖို့ ဖုန်းဆက်ပါပြီ။ အဲဒီအခါ သက်သေ နှစ်ယောက် ခေါ်သွားရပါတယ်။ဘဏ်ကနေ စစ်ဆေးပြီး ဘယ်နေ့မှာ သော့လာထုတ်ပြီး ဘယ်နေ့မှာ တိုက်ခန်းဖိုးငွေစတင်သွင်းလို့ ရပါပြီ ဆိုပါတယ်။ တိုက်ခန်းသော့ရပါက မိမိအိမ်ပိုင်ဖြစ်ပြီမို့ပြင်လိုက ပြင်၊ အခန်းဖွဲ့လိုကဖွဲ့ ပြောင်းလိုက ပြောင်း စတင်နေထိုင်လို့ ရပါပြီ။JACA ချေးငွေနဲ့ ၁၅နှစ် အရစ်ကျဆပ် ဆိုပေမယ့် မြန်မြန် ဆပ်လိုက အနည်းဆုံး ၈နှစ် ဆပ်လို့ ရပါတယ်၊ သတ်မှတ်ထားတဲ့ ၁၅နှစ်အတွင်းအပြီးဆပ်ပါက တမှ ငွေရှစ်သောင်းစွန်းစွန်းမို့ အငှားခထက် သက်သာကြောင်းသတင်းပေးလိုပါတယ်။ ဒါ့ကြောင့် သိပြီး ဘယ်က ဘယ်လို စရမှန်းမသိသူ၊ ဘယ်ကိုဆက်သွယ်ရမယ် မေးမြန်းသူ၊ လုံးဝကို မသိသေးသူ ၊ သိသော်ငြား ကိုယ်မှ ဝယ်လို့ရပါ့မလား စိုးရွံ့နေသူတွေ သိရှိစေကြောင်း ရေးသားလိုက်ရပါတယ်။

ခိုင်ခိုင်စောလွင်