သေကျေပျက်စီးစေတတ်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပွားပျံ့နှံ့မှုဟာ တရုတ်ရဲ့ ပုန်းလျှိုးကွယ်လျှိုး ဇီဝလက်နက်စီမံကိန်း လုပ်ဆောင်နေရာ ဝူဟန်မြို့က ဓာတ်ခွဲခန်းတစ်ခုကနေ အစပြုဖွယ်ရှိတယ်လို့ အစ္စရေး ဇီဝလက်နက်ပါရဂူတစ်ဦးက ဆိုပါတယ်။

RFA သတင်းဌာနကလည်း ဒီသီတင်းပတ်မှာပဲ ဝူဟန်ဌာနေရုပ်သံက ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ တရုတ်က ခေတ်အမီဆုံး ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်း Wuhan Institute of Virology အကြောင်း ရုပ်သံထုတ်လွှင့်ချက်ကို ပြန်လည်ထုတ်လွှင့်ပြလာပါတယ်။

လူသိရှင်ကြား အသိပေးကြေညာခဲ့ဖူးတဲ့ ဒီ ဓာတ်ခွဲခန်းဟာ သေကျေပျက်စီးစေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို သုတေသနမွေးမြူနိုင်ရာ ဓာတ်ခွဲခန်းပဲ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ခွဲခန်းဟာ တရုတ်ရဲ့ ပုန်းလျှိုးဇီဝလက်နက်စီမံကိန်းနဲ့ ချိတ်ဆက်မှု ရှိတယ်လို့ တရုတ်ဇီဝစစ်ပွဲရေးရာကို သုတေသနပြုနေတဲ့ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း ဒန်နီရှိုဟမ်က ပြောပါတယ်။

“Wuhan Institute of Virology ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပြီး ဒီ အင်စတီကျူးရှင်းက ဓာတ်ခွဲခန်းတွေဟာ ချိတ်ဆက်ဆောင်ရွက်နေကြတာ ဖြစ်တယ်။ ဘာအတွက်လည်းဆိုတော့ တရုတ်ရဲ့ ဇီဝလက်နက်တွေ သုတေသနပြုဖို့၊ တီထွင်ထုတ်လုပ်ဖို့အတွက်ပဲ။”လို့ ရှိုဟမ်က The Washington Times သတင်းဌာနကို ပြောပါတယ်။

အရပ်ဖက်နဲ့ စစ်ရေး သုတေသနအစိတ်အပိုင်းအဖြစ် ဇီဝလက်နက်တွေ ထုတ်လုပ်ရေးကို လုပ်ဆောင်နေပြီး ဒါဟာ လျှို့ဝှက်စီမံကိန်းတွေနဲ့ လုပ်ဆောင်နေတာပါလို့ ၎င်းက အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။

ရှိုဟမ်ဟာ ဆေးဝါးဆိုင်ရာ မိုက်ခရိုဘိုင်အိုလော်ဂျီနဲ့ ပါရဂူဘွဲ့ရထားသူဖြစ်ပြီး ၁၉၇၀ ကနေ ၁၉၉၁ ခုနှစ်အထိ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာအနှံ့က ဇီဝနဲ့ ဓာတုစစ်လက်နက်ရေးရာဆိုင်ရာအတွက် အစ္စရေးစစ်ထောက်လှမ်းရေးနဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့တဲ့ အကြီးတန်း သုတေသနပညာရှင်လည်း ဖြစ်ခဲ့သူပါ။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ အခု အတည်ပြုထားသလို ဇီဝလက်နက်စီမံကိန်း လုပ်ဆောင်နေတယ်ဆိုတဲ့ ဓာတ်ခွဲခန်းရှိရာ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားပြီး ကမ္ဘာ့နိုင်ငံအချို့မှာ ကူးစက်ပျံ့နှံ့နေပါတယ်။

ဒီ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လက်ရှိအထိ သေဆုံးသူ ၅၆ ဦး ရှိပြီး ကူးစက်ခံထားရသူပေါင်း ၃၀၀၀ ထက်မနည်း ရှိနေပါတယ်။

Rf; Washington Times