မန္တလေးမြို့ စက်မှုဇုန်ထဲမှာ နေထိုင်တဲ့ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူ သွားပြီး အဓမ္မပြုကျင့်ကာ ကားလမ်းဘေးမှာ စွန့် ပစ်ထားခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် နှစ် ၃၀ ချလိုက်ပါပြီ။

အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ၊ ကလေးခိုးယူမှုအတွက် ထောင်ဒဏ် ငါးနှစ် ၊ နာကျင်စေမှုအတွက် ထောင်ဒဏ် ငါးနှစ် စုစုပေါင်းထောင်ဒဏ်နှစ် ၃၀ ကို ပြင်ဦးလွင် ခရိုင် တရားရုံးက ဒီကနေ့ မှာ အမိန့်ချ လိုက်တာပါ။

အမှုကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းက အသက် ရှစ်နှစ်အရွယ်မိန်းကလေးငယ်ဟာ မိဘတွေရဲ့ အလုပ်ရုံကနေ စက်ဘီးနဲ့ မုန့်ဝယ်ထွက်ချိန်မှာပျောက်ဆုံးသွားခဲ့တာပါ။

ဒီလိုပျောက်ဆုံးသွားပြီး နောက်တစ်ရက် မနက်ပိုင်းမှာ တော့ ပျောက်ဆုံးသွားတဲ့ နေရာ ကနေ မိုင် ၃၀ခန့်အကွာ မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ခြုံပုပ်ထဲမှာ အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိတဲ့ လက္ခဏာတွေနဲ့ ပြန်လည်ရှာတွေ့ခဲ့ရပါတယ်။

ကျူးလွန်သူကိုဖမ်းမိဖို့ကြိုးပမ်းရာမှာ မိန်းကလေးငယ်ပျောက်သွားတဲ့နေရာက လုံခြုံရေးကင်မရာ မှတ်တမ်းအရ ကလေးငယ်ကို ဆိုင်ကယ်နဲ့ ခေါ်သွားတဲ့ အမျိုးသားတစ်ဦး ကိုတွေ့ရှိခဲ့ရပါတယ်။

ဒီအမျိုးသားကိုတွေ့ရင် အသိပေးဖို့ ရဲက ပုံတွေနဲ့ ထုတ်ပြန်ခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့မှာ ဖမ်းမိခဲ့တာပါ။ ဒီအမှုကိုစစ်ဆေးပြီးတဲ့နောက် တစ်နှစ်ကျော်အကြာမှာ ခုလိုအမိန့်ချ လိုက်တာဖြစ်ပါတယ်။