၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

ရုရှားရေတပ် လေယာဉ်တင်သင်္ဘောတစ်စီးဖြစ်တဲ့ Admiral Kuznetsov မှာ ဒီနေ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ရုရှားနိုင်ငံ၊ Murmansk ဒေသမှာ ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်နေတုန်း အခုလို မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ လတ်တလောအနေနဲ့တော့ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောကြီးဟာ Murmansk ဒေသ မှာရှိတဲ့ Barent Sea Port မှာ ဆိုက်ကပ်ထားပြီး ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေစဉ်အတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်။ လောင်စာဆီတွေရှိရာကို ကူးစက်ခဲ့ပြီး မီးလောင်မှုက ပိုမိုကြီးမားခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရခြင်း ကနဦးစုံစမ်းချက်အရ ဝရိန်ဆော်ရာကထွက်လာတဲ့ မီးပွားကြောင့်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဆိပ်ကမ်းမှာရှိတဲ့ မီးသတ်သမားတွေနဲ့ ရေတပ်သား စုစုပေါင်း ၄၀၀ ဦးခန့်ဟာ မီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်စေရေးအတွက် ကြိုးစားပမ်းစား ငြိမ်းသတ်လျက်ရှိပါတယ်။

ရုရှားနိုင်ငံ United Shipbuilding Corporation က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာလျက်စကီး ရာမန်နော့ဗ် က အခုလို မီးလောင်ကျွမ်းရတာဟာ လူ့အမှား Human Factor/Error ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ Admiral Kuznetsov ဟာ ရုရှားရေတပ်ရဲ့ တစ်စီးတည်းသော aircraft carrier သင်္ဘောကြီးဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှာ ရုရှားရေတပ်ရဲ့ အလံဆောင်ရေယာဉ် (Flag Ship) အဖြစ် တပ်တော်ဝင်ခဲ့ပါတယ်။ မြေထဲပင်လယ် အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်ကတည်းကစတင်ပြီး ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ အပြီးသတ်ဆောင်ရွက်သွားဖို့လျာထားပြီး ၂၀၂၁ ခုနှစ်မှာ တာဝန်တွေပြန်လည်ထမ်းဆောင်ဖို့ လျာထား ထားတဲ့ စစ်သင်္ဘောကြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခုမီးလောင်မှုကြောင့် နောက်ဆုတ်နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အကြောင်းအရာနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အင်တာနက်စာမျက်နှာတွေ၊ Facebook Page တွေကနေ ကူးယူ ပြုစုဖော်ပြထားခြင်းဖြစ်ပါတယ်။ မူရင်းရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း Youtube နဲ့ အင်တာနက်စာမျက်နှာအချို့၊ Facebook Page တို့မှာ ကြည့်ရှုနိုင်ပါတယ်။

ဆောင်းတွင်းပေမဲ့လည်း မီးလောင်မှုဖြစ်ပွားတတ်တာမလို့ ရေကြောင်းနဲ့အသက်မွေးဝမ်းကျောင်းပြု၊ တာဝန်ထမ်းဆောင်နေသူတွေအားလုံး မီးဘေးအန္တရာယ်ကနေ ထာဝစဉ် ကင်းဝေးကြပါစေ။ ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်။