ရုရှားနိုင်ငံက ကုမ္ပဏီတစ်ခုဟာ သေဆုံးသွားသူတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ရေခဲရိုက်သိုလှောင်သိမ်းဆည်းထားပြီး၊ အသက်ပြန်သွင်းပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းမှုဟာ နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်ပေမယ့် စိတ်ဝင်စားတဲ့သူတွေလည်း အမြောက်အများ ပေါ်ထွက်လာခဲ့ပါတယ်။

Alexei Voronenkov အမည်ရ အမျိုးသားကလည်း သေဆုံးသွားတဲ့ အသက်(၇၀)အရွယ် မိခင်ကို အသက်ရှင်လျှက် ပြန်ယူပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမရဲ့ဦးနှောက်ကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီထံ အပ်နှံခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီမှာ အခုဆိုရင် အလောင်းအပ်သူ (၇၁)ဦးတောင် ရှိနေပါပြီ။

ကုမ္ပဏီအမည်ကတော့ (လွီယိုလ) ဖြစ်ပြီး၊ လာအပ်ထားတဲ့အလောင်းတွေကို သူတို့က အလောင်းတွေလို မသုံးနှုန်းဘဲ “လူနာတွေ”လို့သာ သုံးနှုန်းပါတယ်။ အဲဒီအလောင်းတွေကို (-၁၉၆)ဒီဂရီဆယ်လ်ဆီးယပ်စ် သို့မဟုတ် (-၃၁၀.၈)ဒီဂရီဖာရင်ဟိုက်မှာ သိမ်းဆည်းထားတာပါ။

ဒီလိုလုပ်ခြင်းအားဖြင့် အလောင်းတွေ မပုပ်သိုးအောင် ကာကွယ်နိုင်ပါတယ်။ Alexei ကတော့ ဒီနည်းနဲ့ သူ့အမေကို ပြန်ရှင်လာအောင်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူက ” ကျုပ်တို့က အလွန်ရင်းနီးတော့ … ဒီတစ်နည်းကပဲ ကျုပ်တို့ပြန်တွေ့နိုင်မယ်နည်းလို့ ထင်ခဲ့ပါတယ် .. ဒါကြောင့် အခုလို လုပ်တာပါ “လို့ ပြောပါတယ်။

သေပြီးသူပြန်ရှင်လာအောင် ကုသနည်းကို Cryonics လို့ ခေါ်ပြီး၊ Alexei ကတော့ သူသေတဲ့အခါမှာ ဒီနည်းနဲ့ ကုသမှုခံယူပြီး လူ့လောကကို ပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ Russian Academy of Sciences’s Pseudoscience Commission မှ-ဦးဆောင်ဖြစ်သူ ပါမောက္ခ Evgeny Alexandro ကတော့ အခု ဒီလုပ်ရပ်လုပ်ကိုင်နေသူတွေကို “သိပ္ပံဆိုင်ရာအခြေခံချက် လုံးဝမပါတဲ့ စီးပွားဖြစ် မတော်လောဘကြီးစွာ လုပ်နေတဲ့အဖွဲ့”လို့ စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် ဒီလို ဝေဖန်မှုတွေရှိနေပေမယ့် နိုင်ငံပေါင်း(၂၀)ကျော်က ဒီလုပ်ငန်းကို စိတ်ဝင်စားနေပါတယ်။