ရုရှားရေတပ် ကီလိုအတန်းအစား ဒုံးပျံတင်ရေငုပ်သင်္ဘောတစ်စီးဖြစ်တဲ့ ချီတာ (CHITA) ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက ဂျပန်ပင်လယ်ထဲမှာရှိတဲ့ ပရီမောရဲ ဒေသ ရေပြင်မှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။

(ရေငုပ်သင်္ဘောဖြစ်တဲ့အတွက် ရေထဲကို ငုပ်လျှိုးသွားတာမျိုးမဟုတ်ပါဘူး။ မတော်တဆမှုဖြစ်ပြီး ရေထဲကို နစ်မြုပ်သွားခြင်းဖြစ်ပါတယ်။) ရုရှားနိုင်ငံ ဗလာဒီဘော့စတော့ ကနေ နာခေါ့ဒ်ကာ ဒေသကို တွဲဆွဲသယ်ယူလာစဉ် နစ်မြုပ်သွားခြင်းဖြစ်ပါတယ်။ တစ်စစီဖြုတ်ပြီး ဖျက်ဆီးပစ်ဖို့အတွက် သယ်ယူလာတဲ့အချိန်မှာဖြစ်ပါတယ်။

သယ်ဆောင်လာတဲ့အချိန်မှာ လက်နက်တွေ တပ်ဆင်ထားခြင်းမရှိပါဘူး။ အားလုံးကို ဖြုတ်ထားပြီးသားဖြစ်ပါတယ်။ နစ်မြုပ်သွားတာကတော့ ရေအနက် ၄၂ မီတာရှိတဲ့နေရာမှာ ပဲ့ပိုင်းကနေစတင်ပြီး ဒေါင်လိုက်အနေအထားနဲ့ နစ်မြုပ်သွားခြင်းဖြစ်ပါတယ်။ ချီတာ ရဲ့အလျားက ၇၃ မီတာ ရှိပါတယ်။ တွဲဆွဲလာတဲ့ရေယာဉ်က ပင်လယ်ပြင် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ တွဲဆွဲရေယာဉ် လာဇူရစ် (SAR Tug LAZURIT) IMO အမှတ် 8832590 ဖြစ်ပါတယ်။

ရုရှားရေတပ်အနေနဲ့ နစ်မြုပ်သွားတဲ့ရေငုပ်သင်္ဘောကို ပြန်လည်ဆယ်ယူဖို့ တာဝန်ရှိပါတယ်။ ချီတာ ဟာ ၂၀၁၃ ခုနှစ်ကတည်းက တပ်တော်ဝင်အဖြစ်ကနေ ရပ်စဲထားတဲ့ ရေငုပ်သင်္ဘော တစ်စီးဖြစ်ပါတယ်။ မူလရည်မှန်းချက်အတိုင်း တစ်စစီဖြုတ်ပြီး ဖျက်ဆီးပစ်ဖို့အတွက် ပြန်လည်ဆယ်ယူသယ်ဆောင်ရမှာဖြစ်ပါတယ်။

ရေယာဉ်နဲ့ ပတ်သက်တာတွေကတော့ ကီလို အတန်းအစား ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ ဆိုဗီယက်ခေတ်က Project 877 Paltus ပုံစံဖြစ်ပါတယ်။ ဒီဇယ်-အီလက်ထရစ် နည်းပညာသုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာ တပ်တော်ဝင်ခဲ့ပါတယ်။ အလေးချိန်အားဖြင့် ၃၉၅၀ တန်ရှိပြီး အလျား ၇၃ မီတာ ရှိပါတယ်။ ရေပေါ်ခုတ်မောင်းမှု ၁၇ မိုင်နှုန်း၊ ရေအောက်ခုတ်မောင်းမှု ၂၀ မိုင်နှုန်းဖြစ်ပါတယ်။ ရေတပ်သား ၅၂ ဦး လိုက်ပါတာဝန်ထမ်းဆောင်ပြီး ပင်လယ်ပြင်တာဝန်ထမ်းဆောင်နိုင်တဲ့ရက်က ၄၅ ရက်ဖြစ်ပါတယ်။ လက်နက်ပိုင်းဆိုင်ရာအနေနဲ့ တော်ပီဒို၊ မိုင်း၊ Kalibr ခရုဇ်ဒုံးပျံ၊ ရေပြင်ပစ် Strela ဒုံးပျံတို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ maritimebulletin.net အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပါတယ်။ မူရင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြုစုသူများနဲ့ သတင်းရေးသားသူတို့ကို အသိအမှတ်ပြုပါတယ်။ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။