AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို နိုဝင်ဘာလ ၁၄ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဒုရဲမှူး ဇော်နိုင် အား စစ်ဆေးခဲ့သည် ။

စစ်ဆေးမှုတွင် AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင် တို့အတွက် ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးခဲ့သူ မရှိခဲ့ဘဲ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခြဲသော ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့သာ ရှေ့နေခေါ်ယူခဲ့သည် ။

ယခင်တစ်ပတ်ရုံးချိန်းက ပြုလုပ်ခဲ့သည့် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတွင် ရှေ့နေငှားလိုကြောင်း တင်ပြလာခြင်းမရှိသဖြင့် ရှေ့နေမပါခြင်းဖြစ်တယ်ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ် က ပြောသည် ။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ရ၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ နောက်ထပ် (၂) ဦး ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန် (၃) ဦးကျန်ရှိနေကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည် ။

ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

ဖမ်းဆီးရမိသူများဖြစ်သော AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင်ခြင်းဖြစ်သည် ။

တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ရ၄/၂၀၁၉ ဖြင့် လက်ခံထားပြီး အမှုကြီးနှင့်အတူ ပူးတွဲစစ်ဆေးနေကြောင်း သိရသည် ။

Ref : 5wavenews