ပင်တဂွန်စစ်ဌာနချုပ်ရဲ့ နံပါတ်ဝမ်း စစ်လက်နက်ထောက်ပံ့နေတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ လောဟိမာတင် ကုမ္ပဏီက အမေရိကန်ပြည်ထောင်စုအပါအဝင် စပိန်၊ဂျပန်၊ ကနေဒါနိုင်ငံတို့မှာ နောက်ဆုံးထုတ် အက်(စ်)အက်(စ်)အာ အဆင့်မြင့်လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစွမ်းဆောင်ရည်တွေနဲ့ ရှေ့တန်းကျကျကာကွယ်ပေးနိုင်စွမ်းရှိတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြေကြားခဲ့ပါတယ်။

အဲဒီနိုင်ငံတွေမှာ အက်(စ်)အက်(စ်)အာ ရေဒါတိုးတက်ဖွံ့ဖြိုးအသုံးပြုလာနိုင်မှုအနေဖြင့် Platforms ၂၄ ခုအထိရှိလာမှာလည်းဖြစ်ပြီး ပင်လယ်ရေကြောင်းနဲ့မြေပြင်အခြေစိုက်အဆင့်မြင့်ရေဒါနည်းပညာမျိုးဆက်သစ်လည်းဖြစ်ပါတယ်။ အက်(စ်)အက်(စ်)အာ ရေဒါရဲ့အခြေခံကတော့ တာဝေးစိစစ်ခွဲခြားရေးရေဒါကနေစတင်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်ကာကွယ်ရေးအေဂျင်စီအနေနဲ့ အဲဒီရေဒါကိုထုတ်လုပ်ဖို့ လောဟိမာတင် ကို ရွေးချယ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးတစ်စင်းပေးအပ်နိုင်ဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်ထဲမှာတော့ လောဟိမာတင် ကုမ္ပဏီထုတ် အက်(စ်)အက်(စ်)အာ ရေဒါကို ဂျပန်နိုင်ငံ Aegis Ashore အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ပေးနိုင်ခဲ့ပြီး အက်ပီဝိုင်-7 လို့ အမည်ပေးထားပါတယ်။ အက်ပီဝိုင်-7 ရဲ့ အဓိကနည်းပညာဟာ အယ်အာဒီအာ ပရိုဂရမ်ကနေ ဆင်းသက်ပေါက်ဖွားလာတာဖြစ်ပြီး အမေရိကန်အစိုးရကတော့ နည်းပညာဆိုင်ရာ အဆင့်သတ်မှတ်ချက် 7 အဖြစ်ထုတ်ဖော်ကြေညာထားပါတယ်။

အက်ပီဝိုင်-7 ရေဒါနည်းပညာမှာ လက်ရှိခြိမ်းခြောက်မှုတွေကို ဖြေရှင်းအနိုင်ယူနိုင်စွမ်းရှိတဲ့ အဆင့်မြင့်စွမ်းဆောင်ရည်တွေနဲ့ မြင့်မားကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေပေးစွမ်းနိုင်မယ်လို့ဆိုပါတယ်။ အက်(စ်)အာဘီဘီ တွေပေါ်မှာ အခြေခံတည်ဆောက်ထားပြီး ဂျီအေအင် နည်းပညာအသုံးပြုထားကာ ကျစ်လျစ်သေသပ်တဲ့ ဒီဇိုင်းတည်ဆောက်မှု အသုံးပြုထားတာပါ။ အဆင့်မြင့် အက်(စ်)အက်(စ်)အာ ရေဒါအဆင့်ထိ တိုးတက်ဖွံ့ဖြိုးထုတ်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုအစိတ်အပိုင်းတစ်ရပ်အဖြစ် လောဟိမာတင် ကုမ္ပဏီဟာ လက်တွေ့အသုံးပြုရာမှာ မလိုလားအပ်မှုတွေလျော့နည်းစေဖို့နဲ့ စနစ်စွမ်းဆောင်ရည်ပြည့်ဝစွာလည်ပတ်လုပ်ဆောင်နိုင်မှုရှိ/မရှိ အသေးစိတ်စမ်းသပ်မှုတွေပြုလုပ်ဆောင်ရွက်နိုင်ဖို့အတွက် အက်(စ်)အက်(စ်)အာ Integration Site တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

အဲဒီ ရေဒါစခန်းကို ဂျပန်နိုင်ငံ Agies Ashore ၊ကနေဒါနိုင်ငံ စစ်ရေယာဉ်တွေနဲ့ ဟာဝိုင်အီရှိ MDA ရဲ့ အမိမြေလုံခြုံရေးရေဒါစနစ်တို့အပါအဝင် အနာဂတ်ရေဒါစီမံကိန်းတွေအတွက် စမ်းသပ်မှုတွေပြုလုပ်သွားရာမှာ အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။

ရန်သူ့ပဲ့ထိန်းဒုံးကျည်တွေလို အဖျက်စွမ်းအားပြင်းပစ်မှတ်တွေကို စိစစ်ခွဲခြား၊ တန်ပြန်လုပ်ဆောင်နိုင်ဖို့အပါအဝင် ရှုပ်ထွေးနက်နဲလှတဲ့လေကြောင်းနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်တွေကို ထောက်လှမ်း၊ ခြေရာခံ၊တိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့ ရေဒါအမျိုးအစားတွေလည်းဖြစ်ပါတယ်။ လောဟိမာတင် ကုမ္ပဏီထုတ် အက်(စ်)အက်(စ်)အာ ရေဒါဟာဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ ခြိမ်းခြောက်မှုတွေကို ကျော်လွှားအနိုင်ယူနိုင်စွမ်းရှိမယ့် လက်ရှိခေတ်သစ်လိုအပ်ချက်တွေနဲ့အညီ ရေဒါဖွဲ့စည်းတည်ဆောက်မှုဒီဇိုင်းကအစ အဆင့်မြင့် Hardware နဲ့ Software တွေ ပေါင်းစပ်အသုံးပြုထားတဲ့ရေဒါလည်းဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ ရေဒါလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေစဉ်အတွင်းမှာပဲ ကြံ့ခိုင်ထိန်းသိမ်းရေးလုပ်ဆောင်နိုင်ခြင်း စွမ်ဆောင်ရည်ပါရှိပြီး ၂၄ နာရီ/၇ ရက်ပတ်လုံး ဆက်တိုက်လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်။ အက်(စ်)အက်(စ်)အာ ရေဒါဟာ စွမ်းဆောင်ရည်မျိုးစုံပါရှိတဲ့ ဘက်စုံသုံးရေဒါစနစ်တစ်ခုဖြစ်ပါတယ်။ လေကြောင်းအခြေအနေထောက်လှမ်းခြင်းမှာ Passive ရေဒါအမျိုးအစားဖြစ်ပြီး ပေါင်းစည်းလေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေမှာ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဲဒီပေါင်းစည်းလေကြောင်းရန်ကာကွယ်ရေးစနစ်မှာအသုံးပြုနိုင်မယ့်စွမ်းဆောင်ရည်ကြောင့်လည်း ကမ္ဘာ့ထိပ်တန်းလေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုဖြစ်တဲ့ Aegis လက်နက်စနစ်ကို လက်ရှိအသုံးပြုသူတွေနဲ့ အသုံးပြုတော့မယ့်သူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အယ်အာဒီအာ ရေဒါဟာ လောဟိမာတင် ထုတ် အက်(စ်)အက်(စ်)အာ ရေဒါထွက်ပေါ်လာဖို့ ကနဦးစီမံကိန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က နိုင်ငံလေးနိုင်ငံရှိ ပလက်ဖောင်း ၂၄ ခုမှာတပ်ဆင်ပေးသွားနိုင်ဖို့အတွက် အိတ်ဖွင့်တင်ဒါယှဉ်ပြိုင်ခဲ့ရာမှာ လောဟိမာတင် ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အက်ပီဝိုင်-7 ရေဒါဟာ သမားရိုးကျ အက်ပီဝိုင်-1 ရေဒါတွေထက် စွမ်းဆောင်ရည်ပိုင်းများစွာသာလွန်တဲ့ရေဒါတွေဖြစ်ပါတယ်။ နောက်ဆုံးထုတ် ကြားဖြတ်တိုက်ခိုက်ရေးဒုံးတွေနဲ့အတူ တစ်ချိန်တည်းတစ်ပြိုင်တည်း ပစ်မှတ်များစွာကို တိုက်ပွဲဝင်နိုင်စွမ်းရှိပါတယ်။စပိန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက စပိန်နိုင်ငံရေတပ်မှာ တည်ဆောက်နေတဲ့ F-110 Class ဖရီးဂိတ်စစ်ရေယာဉ်တွေအတွက် လောဟိမာတင် ကုမ္ပဏီထုတ်နည်းပညာတွေဝယ်ယူတပ်ဆင်သွားဖို့ ၂၀၁၇ ခုနှစ်မှာရွေးချယ်ခဲ့တာပါ။

ဖရီးဂိတ်စစ်ရေယာဉ်တည်ဆောက်ရေးကိုတော့ Navantia ကုမ္ပဏီကို ၂၀၁၉ ခုနှစ်ထဲမှာတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီဖရီးဂိတ်စစ်ရေယာဉ်တွေမှာ အက်ပီဝိုင်-7 ရေဒါတွေရဲ့ S-band အမျိုအစား ပထမဆုံးရေဒါအမျိုးအစားတွေ တပ်ဆင်အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။ ရေဒါထုတ်လုပ်ရေးပိုင်းကိုတော့ အမေရိကန်ပြည်ထောင်စု လောဟိမာတင် ကုမ္ပဏီနဲ့ စပိန်နိုင်ငံ အင်ဒရာ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး၂၀၂၆ ခုနှစ်မှာ ဖရီးဂိတ်စစ်ရေယာဉ်တွေ တပ်တော်ဝင်အသုံးပြုတဲ့အခါမှာတော့ အက်ပီဝိုင်-7 ရေဒါကို ပေါင်းစည်းစနစ်ခွဲ အစိတ်အပိုင်းတစ်ရပ်အဖြစ်တပ်ဆင်အသုံးပြုသွားမှာဖြစ်ပါတယ်။

တော်ဝင်ကနေဒါရေတပ်ရဲ့ စစ်ရေယာဉ်တွေအတွက် ကနေဒါနိုင်ငံအခြေစိုက် လောဟိမာတင် ကုမ္ပဏီထုတ် စီအမ်အက်(စ်) ၃၃၀စစ်မြေပြင်စီမံခန့်ခွဲမှုစနစ်နဲ့အတူ အမေရိကန်နိုင်ငံ လောဟိမာတင် ရဲ့ အိုင်အေအက်စီအယ်(လ်) ကိုပေါင်းစည်းလုပ်ဆောင်သွားမှာဖြစ်ပြီး ကနေဒါနိုင်ငံအနေနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး Aegis စစ်ရေယာဉ်အုပ်ကို ပိုင်ဆိုင်သွားတော့မှာလည်းဖြစ်ပါတယ်။ တစ်ပါတည်း အက်ပီဝိုင်-7 ရေဒါစနစ်နဲ့ကနေဒါတိုက်ရေယာဉ်တွေအတွက် အဆင့်မြင့်ပင်လယ်ရေကြောင်းရည်မှန်းချက်တာဝန်တွေကို ဆယ်စုနှစ်ပေါင်းများစွာ စွမ်းဆောင်ရည်ပြည့်ဝစွာထမ်းဆောင်သွားစေနိုင်တော့မှာဖြစ်ပါတယ်။