တော်ဝင်မလေးရှားရေတပ် အတွက် တရုတ်နိုင်ငံကတည်ဆောက်ပေးခဲ့တဲ့ ပထမဆုံးတိုက်ရေယာဉ်ကိုဇန်နဝါရီလ ၁၇ ရက်က လက်ခံရရှိခဲ့ကြောင်း Jane’sDefence Weekly သတင်းအရသိရှိရပါတယ်။ မလေးရှားရေတပ်အတွက် ကမ်းရိုးတန်းသွားတိုက်ခိုက်ရေးရေယာဉ် အယ်အမ်အက်(စ်) ၄ စင်းအနက် ပထမဆုံးရေယာဉ်ဟာ မလေးရှားနိုင်ငံSabah ပြည်နယ်ရှိ Kota Kinabalu ရှိ Sepanggar မေရေတပ်အခြေစိုက်စခန်းဆီ ရောက်ရှိလာခဲ့ပါတယ်။

ရောက်ရှိလာတဲ့တိုက်ရေယာဉ်ရဲ့ကိုယ်ထည်နံပါတ်က ၁၁၁ ဖြစ်ပြီး သင်္ဘောအမျိုးအစားကတော့ ကေဒီ အတန်းအစား တိုက်ရေယာဉ်ဖြစ်ကာ မလေးရှားရေတပ်ဖွဲ့က တရားဝင်အခမ်းအနားနဲ့ ဇန်နဝါရီလ ၁၇ ရက်မှာပဲကြိုဆိုလွှဲပြောင်းလက်ခံခဲ့ကြပါတယ်။

အဲဒီတိုက်ရေယာဉ်ဟာ ၆၈ ဒသမ၈ မီတာရှည်လျားပြီး ၎င်းင်းသင်္ဘောကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ Shangehai မြို့အနီး Qidong ဒေသရှိ Wuchang သင်္ဘောတည်ဆောက်ရေးလုပ်ငန်းစုကတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်ကတပ်တော်ဝင်ခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီတိုက်ရေယာဉ်ကို မလေးရှားရေတပ်ဖွဲ့ထံ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ဇန်နဝါရီလ၈ ရက်မှာ Qidong မှထွက်ခွာလာခဲ့ခြင်းလည်းဖြစ်ပါတယ်။ အဲဒီတိုက်ရေယာဉ်နဲ့ပတ်သက်လို့ မလေးရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Mohd Reza Mohd Sany လက်ခံရရှိတဲ့တိုက်ရေယာဉ်အမျိုးအစားဟာ Kerins အတန်းစစ်ရေယာဉ်ဖြစ်ပြီး တပ်ဖွဲ့ဝင် ၄၅ ဦးလိုက်ပါနိုင်ကာ ပင်လယ်ပြင်အတွင်း ၁၅ ရက်တာ ရေကြောင်းစစ်ဆင်နိုင်မှုကို စွမ်းဆောင်နိုင်ရည်ရှိကြောင်း၊ မိမိတို့အနေနဲ့ ဒုတိယမြောက်တိုက်ရေယာဉ်ကို ဧပြီလအတွင်းလက်ခံရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း၊ လက်ခံရရှိတဲ့စစ်ရေယာဉ်တွေကို မလေးရှားရေတပ်ဟာ အရှေ့ပိုင်းတိုင်းရေယာဉ်စုမှာ တာဝန်ပေးအပ်နှင်းသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံရဲ့ဘော်နီယိုကျွန်းအပါအဝင် Sabah နဲ့ Sarawak ရေပြင်ဒေသတွေအတွင်း ယခုလက်ခံရရှိတဲ့ စစ်ရေယာဉ်နဲ့ရေကြောင်းစစ်ဆင်မှုဆိုင်ရာလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မလေးရှားရေတပ်ဖွဲ့မှာအသုံးပြုလျက်ရှိတဲ့ စစ်ရေယာဉ်အများစုဟာ သက်တမ်းနှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းင်းစစ်ရေယာဉ်တွေနဲ့ ပင်လယ်ပြင်၊ ကမ်းရိုးတန်းဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ ဒါကြောင့် မလေးရှားရေတပ်ဖွဲ့အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းဒုတိယမြောကတိုက်ရေယာဉ်ကို လက်ခံရရှိပြီးပါက ကျန် ၂ စင်းကို ၂၀၂၁ခုနှစ်၊ မေလနဲ့သြဂုတ်လများအတွင်းအပြီးသတ်လက်ခံရရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း မလေးရှားရေတပ်ဦးစီးချုပ်က ပြောကြားသွားခဲ့ပါတယ်။