ကာကွယ်ရေးဆိုင်ရာဝယ်ယူမှုတွေအတွက် ဘင်္ဂလားဒေ့ရှ် ကို အိန္ဒိယက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမယ်လို့ ရုရှားစပွတ်နစ်သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဟာ စစ်ပစ္စည်းဝယ်ယူမှုကို တစ်နေရာတည်းကမဖြစ်အောင် ကြိုးပမ်းပေမယ့် အသုံးအဆောင် ရာခိုင်နှုန်း ၉၀ ကျော်က တရုတ်ကဖြစ်တယ်။ ဒါပေမယ့် အခု ဘင်္ဂလားဒေ့ရှ်ရဲ့ အိန္ဒိဘက် ချဉ်းကပ်တဲ့ မဟာဗျူဟာဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ပဋိပက္ခ အပြည့်အဝ ပေါက်ကွဲလာတဲ့အခါ တရုတ်က မြန်မာကို ထောက်ခံနေတဲ့အတွက် ပိတ်မိမှာကို စိုးရိမ်မှုကနေ ပေါ်ပေါက်လာတယ်လို့လည်း စပွတ်နစ်က ရေးသားခဲ့ပါတယ်။

မွမ်ဘိုင်းအခြေစိုက် Exim Bank ကတစ်ဆင့် ရရှိမယ့်ချေးငွေရဲ့ အနည်းဆုံး ရ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဆိုင်ရာပစ္စည်းကိရိယာတွေ၊ ၀န်ဆောင်မှုနဲ့ အတိုင်ပင်ခံလုပ်ငန်းအပါအဝင် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယဘက်ကနေ ၀ယ်ယူရမှာဖြစ်ပြီး ကျန်ချေးငွေကိုတော့ အိန္ဒိယပြင်ပကနေ ၀ယ်ယူဖို့ သုံးစွဲခွင့်ရမှာပါ။

ဒေသတွင်းရေကြောင်းမှ တရုတ်လွှမ်းမိုးမှုကို ပူပန်နေတဲ့ အိန္ဒိယအတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ငွေချေးတာ မဟာဗျူဟာမြောက်တန်ဘိုးရှိစေမှာပါ။
ဒီချေးငွေကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် စစ်သင်္ဘောတည်ဆောက်မှုနည်းပညာတွေ လွှဲပြောင်းဖို့ အိန္ဒိယကခွင့်ပြုစေမယ်လို့လည်း သတင်းမှာဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံပိုင် Garden Reach Ship Builders ကုမ္ပဏီဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ Khulna Shipyard Limited နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။

တရုတ်နဲ့ကုန်သွယ်ရေကြောင်း မိတ်ဘက်ဖွဲ့ဖို့ ဘင်္ဂလားဒေ့ရှ်က အချက်ပြလာတဲ့နောက် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အိန္ဒိယအစိုးရဟာ ဘင်္ဂလားဒေ့ရ်ှနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အတွက် စစ်လက်နက်နဲ့ပတ်သက်ရင် မဟာဗျူဟာမြောက်မိတ်ဘက်နဲ့ အကြီးဆုံးထောက်ပံ့သူဖြစ်တဲ့ တရုတ်ဆီကနေ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၈ ဘီလျံတန်ဘိုးရှိ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းခဲ့ပါတယ်။

Ref: Sputnik