နိုင်ငံ၏ ၁၈ နှစ်ကြာစစ်ပွဲ အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို တာလီဘန်အဖွဲ့နှင့် ချုပ်ဆိုပြီးပါက အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များအားလုံး အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ ထွက်ခွာသွားရေးကို အာဖဂန်ပြည်သူထက်ဝက်နီးပါးက အလိုရှိနေကြောင်း ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရသည်။

စစ်နှင့် ငြိမ်းချမ်းရေးဘာသာရပ်ဆိုင်ရာ အမေရိကန်တက္ကသိုလ်က ကောက်ယူခဲ့သော အဆိုပါစစ်တမ်းတွင် အာဖဂန်ရှိ ပြည်နယ် ၃၄ ခုမှ အာဖဂန်နိုင်ငံသား ၅၀၃၈ ဦး၏ သဘောထားကို ကောက်ခံထားခြင်းဖြစ်သည်။ ယင်းစစ်တမ်းကို နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်ကြားကာလအတွင်း ကောက်ယူထားခြင်းဖြစ်ပြီး စစ်တမ်းတွင် လက်ခံနိုင်သော အမှားပမာဏ ၅ ရာခိုင်နှုန်း ရှိသည်။ စစ်တမ်းအတွင်းပါဝင်သူများ၏ ၆၁ ရာခိုင်နှုန်းသည် အွန်လိုင်းမှ ဖြေကြားထားခြင်းဖြစ်ပြီး ကျန် ၃၉ ရာခိုင်နှုန်းကို လူချင်းတွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။

နိုင်ငံရေးအရ ဖြေရှင်းခြင်းသည်သာ တိုက်ပွဲဖြစ်ပွားခြင်းကို အဆုံးသတ်စေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု သဘောထား စစ်တမ်းကောက်ယူမှုအတွင်း ပါဝင်သည့် အာဖဂန်ပြည်သူ ၈၀ ရာခိုင်နှုန်းက ဖြေဆိုထားကာ ၂၀ ရာခိုင်နှုန်းကမူ စစ်ရေးအရဖြေရှင်းခြင်းဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု ဖြေဆိုထားသည်။

ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးလျှင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ နိုင်ငံတွင်းမှ ထွက်ခွာသွားရေးကို အာဖဂန်ပြည်သူ ၄၆ ရာခိုင်နှုန်းက အလိုရှိနေပြီး ပြည်သူ ၃၃ ရာခိုင်နှုန်းက ထိုတပ်ဖွဲ့ဝင်များ ဆက်လက်ကျန်ရှိရေးကို အလိုရှိနေကြောင်း စစ်တမ်းက ဖော်ပြထားသည်။

စစ်တမ်းဖြေဆိုသူများ၏ ၇၅ ရာခိုင်နှုန်းသည် တာလီဘန်အဖွဲ့တွင်းရှိ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများအား တာလီဘန်အဖွဲ့က နှင်ထုတ်ပစ်ရေးကို အလိုရှိကြောင်း ဖြေကြားထားကြသည်။ တာလီဘန်အဖွဲ့တွင်းရှိ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားအများစုသည် အယ်ကေးဒါးစစ်သွေးကြွအဖွဲ့၊ အခြားသော စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွှယ်နေဖွယ်ရှိသည်ဟု ယူဆရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန် ဇယ်မေခါလီဇက်ကို အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖြစ် အိမ်ဖြူတော်က ခန့်အပ်ခဲ့သည့် ၂၀၁၈ စက်တင်ဘာလမှစ၍ အမေရိကန်သည် တာလီဘန်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့သည်။ အမေရိက၏ အရှည်ကြာဆုံး စစ်ပွဲအဆုံးသတ်စေရေး၊ အမေရိကန်တပ်ဖွဲ့များကို နေရပ်သို့ ပြန်လည်ခေါ်ယူရေးအတွက် သဘောတူညီချက်တစ်ခု ရရှိလာစေရန်ရည်ရွယ်၍ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်သည်။

ခါလီဇက်အား စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့မှုကို စစ်တမ်းဖြေဆိုသူ ၄၁ ရာခိုင်နှုန်းက ထောက်ခံပြီး ၃၉ ရာခိုင်နှုန်းက ကန့်ကွက်ထားခြင်းနှင့်အတူ ခါလီဇက်အား ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်သည့် ကိစ္စအပေါ် အာဖဂန်ပြည်သူအများအကြား သဘောထားကွဲလွဲခဲ့သည်ကို စစ်တမ်းက ပြသနေသည်။

စစ်တမ်းဖြေဆိုသည့် အာဖဂန်ပြည်သူ ၅၀၃၈ ဦးတွင် ၃၂၇၄ ဦးမှာ အမျိုးသားများဖြစ်ပြီး ၁၇၆၄ ဦးမှာ အမျိုးသမီးများဖြစ်သည်။ စစ်တမ်းဖြေဆိုသူများထဲမှ အများဆုံး ၈၃ ရာခိုင်နှုန်းက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲများအတွင်း အမျိုးသမီးများပါဝင်သင့်ကြောင်း ဖြေဆိုခဲ့ကြပြီး ၁၇ ရာခိုင်နှုန်းကသာ ယင်းအချက်ကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။