တရုတ်နိုင်ငံသည် လက်နက်ဈေးကွက်တွင် အမေရိကန်ပြီးလျှင် ဒုတိယလိုက်ကာ ရုရှားရှေ့က ရပ်တည်လျက်ရှိကြောင်း လက်နက်ဈေးကွက်ကျွမ်းကျင်သူအဖွဲ့၏ ဇန်နဝါရီ ၂၇ ရက် အစီရင်ခံစာက ဖော်ပြသည်။

တရုတ်ထံမှ ပွင့်လင်းမြင်သာသည့် စာရင်းအင်းများ မရရှိမှုကြောင့် တရုတ်ကို တရားဝင်အဆင့် သတ်မှတ်ဖော်ပြနိုင်ခြင်းမရှိသော်လည်း တရုတ်လက်နက်ကုမ္ပဏီ လေးခု၏ ဝင်ငွေစာရင်းများအရ တရုတ်သည် ကမ္ဘာ့ဒုတိယအဆင့် လက်နက်ဈေးကွက်နိုင်ငံဖြစ်ကြောင်း ပြောနိုင်သည်ဟု အစီရင်ခံစာ ထုတ်ပြန်သည့် (အက်အိုင်ပီအာအိုင်) နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနကျောင်း က ဆိုသည်။ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်ကြား ဝင်ငွေစာရင်းများရရှိထားခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီ လေးခုပေါင်း၏ ၂၀၁၇ ခုနှစ် လက်နက်အရောင်းသည် ဒေါ်လာ ၅၄ ဒသမ ၁ ဘီလျံဖိုး ရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်၏ လက်နက်အရောင်းသည် ဒေါ်လာ ၂၂၆ ဒသမ ၆ ဘီလျံရှိခဲ့ကာ ရုရှားက ဒေါ်လာ ၃၇ ဒသမ ရ ဘီလျံရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လေယာဉ်နှင့်လေတပ်လက်နက်များရောင်းချသော တရုတ်ကုမ္ပဏီ အေဗွီအိုင်စီ ၏ ၂၀၁၇ ခုနှစ်အရောင်းသည် ဒေါ်လာ ၂၀ ဒသမ ၁ ဘီလျံဖိုးရှိခဲ့ပြီး၊ မြေပြင်လက်နက်များ ဦးစားပေးထုတ်လုပ်သော China North Industries Group Corporation သည် အရောင်း ၁၇ ဒသမ ၂ ဘီလျံဒေါ်လာ ရှိခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ စီအီးတီစီ နှင့် စီအက်ဂျီစီ တို့သည်လည်း အရောင်း ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံနှင့် ၄ ဒသမ ၆ ဘီလျံစီ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း လက်နက်ဝယ်ယူမှုသည် ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံဖိုးထိ ရှိခဲ့ပြီး စစ်အေးကာလနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန် လက်နက်အရောင်းသည် ဒေါ်လာ ၂၄၆ ဘီလျံ၊ ရုရှားက ဒေါ်လာ ၃၆ ဒသမ ၂ ဘီလျံ၊ ဗြိတိန်က ဒေါ်လာ ၃၅ ဒသမ ၁ ဘီလျံစီရှိခဲ့ကြောင်းလည်း သိရသည်။