ရုရှားစစ်လက်နက်ထုတ်လုပ်ရေး စုပေါင်းစပ်ပေါင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Rostec က ရုရှားက ပြည်ပတင်ပို့ ရောင်းချတဲ့ စစ်လက်နက်တွေကို တရုတ်က တရားမဝင်ကော်ပီယူပြီး ထုတ်လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား ရှားရှားပါးပါး လူသိရှင်ကြား စိိတ်ဆိုးအမျက်ထွက်မှုလည်းဖြစ်ပါတယ်။

Rostec ကုမ္ပဏီရဲ့ ဉာဏ်ပညာပိုင်ဆိုင်မှုစီမံကိန်းများဆိုင်ရာ ဥက္ကဌဖြစ်သူ ရပ်ဂန်နီလစ်ဗင်နီက လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်း ရုရှားရဲ့ စစ်လက်နက်များကို တရားမဝင် ပုံတူကူးချမှု ၅၀၀ ရှိခဲ့ပြီး ဒါဟာ ပြသာနာကြီးတစ်ခုဖြစ် တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံတစ်နိုင်ငံထဲက လေယာဉ်အင်ဂျင်၊ Sukhoi လေယာဉ်၊ လေကြောင်းကာကွယ်ရေးစနစ်နဲ့ မြေပြင်က ဝေဟင်ပစ်တာလတ်မစ်ဇိုင်းစနစ်တွေကို ပုံတူခိုးချခဲ့တယ်လို့ လစ်ဗင်နီက ပြောပါတယ်။

နှစ်နိုင်ငံကြား စစ်လက်နက်ကုန်သွယ်မှု မြင့်တက်နေချိန်မှာ တရုတ်နိုင်ငံက အခုလို နည်းပညာခိုးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rostec က စွပ်စွဲထားပါတယ်။ Stockholm International Peace Research Institute ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ ရုရှားဆီက စစ်လက်နက်ဝယ်ယူမှု အများဆုံး ဖောက်သည်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံက စစ်လက်နက်တင်သွင်းမှုရဲ့ ရ၀ ရာခိိုင်နှုန်းဟာ ရုရှားကဖြစ်ပါ တယ်။

တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း ရုရှားရဲ့နည်းပညာမြင့်စစ်လက်နက်တွေဖြစ်တဲ့ S-400 လေကာစနစ် ၆ ခုနဲ့ Su-35 တိုက်လေယာဉ် ၂၄ စီးတို့ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့ ၀ယ်ယူခဲ့ပါတယ်။

ရုရှားဟာ တရုတ်နိုင်ငံရဲ့ စစ်လက်နက်နည်းပညာခိုးယူမှုကို စိတ်ဆိုးအမျက်ထွက်ပေမယ့် ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ အကျိုးအမြတ်ရှိနေတာကြောင့် လက်နက်တင်ပို့ရောင်းချမှုကိုတော့ ရပ်ဆိုင်းဖွယ်မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Ref; .nikkei.com