တရုတ်နိုင်ငံက ပါကစ္စတန်ရေတပ်အတွက် ဒုတိယအသုတ် Type 054A အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ်၂ စင်းကို စတင်တည်ဆောက်ပေးနေပြီဖြစ်ပါတယ်။ပထမအသုတ် စစ်ရေယာဉ် ၂ စင်းကိုတော့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှာ တည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီစစ်ရေယာဉ်တွေတည်ဆောက်ပေးဖို့အတွက်သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်ကတရုတ်နိုင်ငံ Hudong Zhonghua သင်္ဘောကျင်းမှာသင်္ဘောစတင်တည်ဆောက်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

တရုတ်ကတည်ဆောက်ပေးမယ့် Type 054AP အတန်းအစားဖရီးဂိတ်တွေဟာ ပါကစ္စတန်အတွက်ခေတ်အမီဆုံးစစ်ရေယာဉ်တွေဖြစ်လာမှာဖြစ်ပြီး ပဲ့ထိန်းဒုံးလက်နက်စနစ်တွေနဲ့ အာရုံခကိရိယာအစိတ်အပိုင်းများစွာကိုလည်း တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

အဲဒီအထဲမှType 382, Type 344, Type 345, MR-36A နဲ့RM-1290 ရေဒါတွေလည်း ပါ၀င်မှာဖြစ်တဲ့အပြင် ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ (Vertical Launch) HQ-16 အမျိုးအစားတာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ်နဲ့ Yu-8 အမျိုးအစားရေငုပ်သင်္ဘောတိုက်ဖျက်ရေးဒုံးတွေကိုလည်း တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ Type 054A တွေဟာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် အထူးသင့်လျော်တဲ့စစ်ရေယာဉ်အမျိုးအစားတွေဖြစ်ပြီး ရေအောက်ထောက်လှမ်းရေးစနစ်တွေဖြစ်တဲ့ ဆိုနာတွေကိုလည်း တပ်ဆင်အသုံးပြုသွားမှာဖြစ်ပါတယ်။

စစ်ရေယာဉ်တွေမှာ တပ်ဆင်သွားမယ့် Type 344 နဲ့ Type 345 အမျိုးအစားဘက်စုံသုံးပစ်ခတ်မှုထိန်းသိမ်းရေးရေဒါတွေဟာ မိုးကုပ်စက်ဝိုင်းအလွန်က ပစ်မှတ်တွေကိုပါပစ်ခတ်နိုင်အောင်အထောက်အကူပြုပေးနိုင်ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေနဲ့ အပေါ့စားရဟတ်ယာဉ်တွေကိုပါ တင်ဆောင်အသုံးပြုနိုင်ပြီး ပါကစ္စတန်နိုင်ငံရေပိုင်နက်ရဲ့ အလွန်၁၂ ကီလိုမီတာခန့်အထိ ကင်းလှည့်ပျံသန်းနိုင်ကြမှာလည်းဖြစ်ပါတယ်။

Type 054AP အတန်းအစားစစ်ရေယာဉ်တွေဟာမြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ ဘက်စုံအသုံးပြုနိုင်တဲ့အရည်အချင်းတွေရှိတာကြောင့်ပါကစ္စတန်ရေတပ်လို စစ်ဆင်ရေးတာဝန်တစ်ခုချင်းစီအတွက် သီးသန့်အသုံးပြုတဲ့ခေတ်မီစစ်ရေယာဉ်ကြီးတွေအသုံးမပြုနိုင်သေးတဲ့ရေတပ်အငယ်စားတွေအတွက်တော့ အထူးအရေးပါတဲ့ စစ်ရေယာဉ်တွေဖြစ်ပါတယ်။

တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်စစ်ဘက်ရေကြောင်းလေ့လာရေးဆိုင်ရာ သုတေသနအင်စတီကျုရဲ့အကြီးတန်းသုတေသီတစ်ဦးဖြစ်တဲ့ Cao Weidong ကပါကစ္စတန်ကို Type 054A တည်ဆောက်ပေးတာနဲ့ပတ်သက်လို့ စစ်ရေယာဉ်အသစ်တွေမှာတပ်ဆင်သွားမယ့်လက်နက်စနစ်နဲ့ ရေဒါစနစ်တွေအားလုံးဟာတရုတ်နိုင်ငံလုပ်တွေဖြစ်ပါတယ်၊ ဒါက ဘာကိုဖော်ပြသလဲဆိုတော့ပါကစ္စတန်ရေတပ်ဟာ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့စွမ်းဆောင်ရည်တွေအပေါ်မှာ ယုံကြည်မှုရှိတာကိုပြနေတာဖြစ်ပြီး သူတို့အနေနဲ့ Type 054 တွေကိုရွေးချယ်ရတဲ့အကြောင်းကတော့ ဒီစစ်ရေယာဉ်တွေဟာ လေကြောင်းရန်ကာကွယ်ရေး၊ ရေပြင်စစ်ဆင်ရေးနဲ့ ရေအောက်စစ်ဆင်ရေးတွေ အကုန်လုံးကိုစွမ်းဆောင်နိုင်တဲ့စစ်ရေယာဉ်အမျိုးအစားတွေထဲကတစ်ခုဖြစ်တယ်ဆိုတဲ့အချက်လည်းပါ၀င်နေမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။

Source: / militarywatchmagazine.com