ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အောင်စိုးမိုးကျေးရွာရှိ KNU ဆက်ဆံရေးရုံးတွင် KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်စောတာမလာဘော ဦးဆောင်သောအဖွဲ့နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သောအဖွဲ့တို့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံပြီး တပ်မတော်၏ လမ်းဖောက်လုပ်နေမှုကို KNU က ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့နှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့အချိန်ကလည်း အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး တတိယအကြိမ်တွင်လည်း လမ်းဖောက်လုပ်မှုကိစ္စ၊ တပ်မတော်၏ တပ်ရိက္ခာပို့ဆောင်မှုဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် သံဘို- မူသဲ-ဘော်စဲခိုထိ တပ်မတော်က တစ်လမ်းမောင်း ကားလမ်းဖောက်လုပ်ခွင့်ကို KNU ဘက်က သဘောတူညီပေးခဲ့ပြီး အဆိုပါလမ်းဖောက်လုပ်နေစဉ်အတောအတွင်း လမ်းလုံခြုံ ရေးတပ်များချထားခြင်းမပြုရန်၊ ဒေသခံပြည်သူလူထုအား နှစ်ဖက်တပ်များက စစ်ဆေးမေးမြန်းမှုမပြု လုပ်ဘဲ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ နှစ်ဖက်တပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုအား တစ်ဖွဲ့နှင့်တစ်ဖွဲ့အသိပေးပြီးမှ လှုပ်ရှားသွားလာရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။