ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံဟာ စိုးရိမ်ဖွယ်အနေအထားနဲ့ ရင်ဆိုင်နေရပြီလို့ တရုတ်သမ္မတရှီကျင်းဖျင်က ဒီကနေ့ ပြုလုပ်တဲ့ (ဇန်နဝါရီ ၂၅ရက် )ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို ကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။

“ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုနှုန်းက မြန်နေပြီး စိုးရိမ်ဖွယ်အခြေအနေနဲ့ရင်ဆိုင်နေရတယ်” လို့ သမ္မတ ရှီကျင့်ဖျင်ကပြောခဲ့တာပါ။

ဒီကိစ္စအတွက် ပါတီဗဟိုကော်မတီခေါင်းဆောင်တွေစုပေါင်းပြီး အားဖြည့်ဆောင်ရွက်ဖို့ လိုအပ်ပြီနေလို့လည်းသမ္မတရှီက တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ သမ္မတရှီက“ ရှင်းလင်းတိကျတဲ့ ပေါ်လစီတွေနဲ့ သိပ္ပံနည်းကျကာကွယ် ကုသတာတွေကို ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ အကြာကြီး အတူအလုပ်လုပ်ခဲ့ကြတယ်။ ဒီတိုက်ပွဲကို နိုင်ကိုနိုင်လိမ့်မယ်” လို့ ပြောဆိုခဲ့တယ်လို့ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားလိုက်တဲ့ အဲဒီဗိုင်းရပ်စ် ကြောင့် တရုတ်နိုင်ငံမှာလူ ၄၁ ဦးသေဆုံးခဲ့သလို လူဦးရေ ၁၃၀၀ လောက် ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဥရောပ နဲ့ တောင်အာရှ နိုင်ငံတွေအထိ ပျံ့နှံ့ခဲ့ပြီး သတင်းတွေအရ ထိုင်း၊ ပြင်သစ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ မကာအို၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဗီယက်နမ်၊ သြစတေးလျ၊ နီပေါ၊ ထိုင်ဝမ် ၊ မလေးရှားနိုင်ငံတွေ အထိကူးစက်ပျံ့နှံ့ခဲ့ပြီလို့ သိရပါတယ်။

Source-ဆင်ဟွာ