တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်ပေမယ့် အဖွံ့ဖြိုးဆုံး တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်နေနိုင်တဲ့ ဥရုဂွေးနိုင်ငံရဲ့ 2015 ကမှအနားယူသွားတဲ့ သမ္မတကတော့ အသက် ရရ နှစ်အရွယ် Jose Alberto Mujica Cardano ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့အရက်ရောဆုံးနဲ့ အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများထင်ရှားပါတယ်။ အဲဒီလို နာမည်ကျော်ကြားရတဲ့ အကြောင်းရင်းကတော့ သမ္မတ Mujica ဟာ သူရတဲ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို လစဉ်လှုဒါန်းလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

Mujica ကို ၁၉၃၅ ခုနှစ် ၊ မေလက ဥရုဂွေးနိုင်ငံမြို့တော် Montevideo မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက် ငါးနှစ်အရွယ်မှာ လူမွဲစာရင်းခံယူခဲ့တဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ Mujica ဟာ အရွယ်ရောက်လာချိန်မှာတော့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၀န်ကြီးတစ်ယောက်ဖြစ်ခဲ့သလို လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ Mujica ဟာ ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ၂၀၁၀ပြည့်နှစ် ၊ မတ်လ ၁ ရက်နေ့မှာတော့ ဥရုဂွေး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်မှာဖြစ်တဲ့ Mujica ဟာ သူ့လိုပဲ လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Lucia Topolansky နဲ့ ၂၀၁၅ ခုနှစ်ကတည်းက လက်ထပ် ထိမ်းမြားခဲ့ပေမယ့် သားသမီးတော့ မထွန်းကားခဲ့ပါဘူး။

ရက်ရောစွန့်ကြဲမှုကြောင့် နာမည်ကျော်ကြားတဲ့ Mujica ဟာ သူ့ရဲ့လခ အမေရိကန်ဒေါ်လာ ၁၂၅၀၀ ထဲက သူ တစ်လတာသုံးစွဲဖို့ ဒေါ်လာ ၁၂၅၀ ကိုသာချန်ထားပြီး ကျန်ငွေအားလုံးကို လှုဒါန်းပစ်သူဖြစ်ပါတယ်။ အလှုအတန်းရက်ရောသူဖြစ်ပေမယ့် Mujica ဟာ ဘာသာတရားကို ယုံကြည်သက်ဝင်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။

Mujica ရဲ့ ဘဝကြင်ဖော် ဇနီးသည်ဟာလည်း သူ့လိုပဲ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို လှုဒါန်းလေ့ရှိသူဖြစ်ပြီး အသွင်တူတဲ့ သူတို့ဇနီးမောင်နှံဟာ နိုင်ငံတော်ကပေးတဲ့ သမ္မတအိမ်တော်မှာမနေဘဲ ဇနီးသည် အမည်ပေါက်တဲ့ Montevideo မြို့စွန်က လယ်တောအိမ်လေးမှာပဲ ခွေးကလေးတစ်ကောင်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပန်းတွေစိုက်ရင်း နေထိုင်ကြပါတယ်။

Mujica ဟာ ငွေအိပ်နှံထားတဲ့ ဘဏ်စာရင်းလည်းမရှိ ၊ အကြွေးလည်းမရှိရုံမက ပိုင်ဆိုင်မှုအဖြစ် Volkswagen Beetle ကားဟောင်းလေးတစ်စီးသာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ရှာမှရှားတဲ့ လေးစား အတုယူဖွယ် သမ္မတကြီးလို့ မှတ်တမ်းတင်ခံခဲ့ရပါတယ်။